Skip to main content

စံချိန်စံညွှန်းလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၆)နှင့် အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေး (၁/၂၀၂၆) ကျင်းပ၊ မြန်မာစံချိန်စံညွှန်း ၁၈၃ ခုအား ထပ်မံအတည်ပြု

နေပြည်တော် ဇူလိုင် ၂၈

စံချိန်စံညွှန်းလုပ်ငန်းကော်မတီ အစည်းအဝေး (/၂၀၂၆)နှင့် အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေး (/၂၀၂၆)ကို ဇူလိုင် ၂၇ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြီး မြန်မာစံချိန်စံညွှန်း ၁၈၃ ခု အား ထပ်မံအတည်ပြု သတ်မှတ်နိုင်ခဲ့သည်။

အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေးတွင် ယခင်ကော်မတီအစည်းအဝေး အတည်ပြုဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှု၊ မြန်မာစံချိန်စံညွှန်းရေးဆွဲရေး လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ပြီး မြန်မာစံချိန်စံညွှန်း နောက်ဆုံးမူကြမ်း ၁၈၃ ခု၊ ထုတ်ကုန်အရည်အသွေး ထောက်ခံချက် ထုတ်ပေးခြင်း အဖွဲ့အစည်းများဆိုင်ရာ လိုအပ်ချက်စံချိန်စံညွှန်းဖြစ်သော MMS ISO/IEC 17065:2012 အသိပညာပေး သင်တန်းကိစ္စ၊ ပြည်တွင်းပြည်ပ အရည်အသွေးထောက်ခံချက် ထုတ်ပေးလိုသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ Survey စစ်တမ်းကောက်ယူထားသည့် ဦးစားပေးကဏ္ဍများဆိုင်ရာ အချက်အလက်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဓာတ်ခွဲခန်း(ရန်ကုန်)အား ISO/IEC 17025 အသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းအဖြစ် သတ်မှတ်ခြင်း စသည်တို့ကို ညှိနှိုင်းဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အမှာစကားပြောကြားပြီး စံချိန်စံညွှန်းလုပ်ငန်းကော်မတီ အစည်းအဝေးတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ အတည်ပြုချက်ရယူမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြပြီး ကော်မတီဝင်များက အဆိုပြုတင်ပြထားသည့် စံချိန်စံညွှန်းများ၊ ရေးဆွဲလျက်ရှိသော မြန်မာစံချိန်စံညွှန်း မူကြမ်းများနှင့် မြန်မာစံချိန်စံညွှန်း မူကြမ်းအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြကြရာ စံချိန်စံညွှန်းလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးကြသည်။

အစည်းအဝေးသို့ အမျိုးသား စံချိန်စံညွှန်းကောင်စီဝင်များဖြစ်ကြသော ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကောင်စီဝင်များနှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်