ရန်ကုန် ဇူလိုင် ၂၈
အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု(B) ဒုတိယနေ့ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယနေ့ ညနေ ၄ နာရီခွဲက ဖိလစ်ပိုင်အိမ်ကွင်း၌ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက လေးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲစသည်နှင့် မြန်မာအသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ပထမပိုင်း ပွဲချိန် ၇ မိနစ်တွင် ကျော်မင်းဦးက ဦးဆောင်ဂိုး စတင်သွင်းယူပေးပြီး ၂၈ မိနစ်တွင် သန်းပိုင်က ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့သဖြင့် ပထမပိုင်းအပြီးတွင် မြန်မာအသင်းက နှစ်ဂိုး - ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
အိမ်ရှင် ဖိလစ်ပိုင်အသင်းအနေဖြင့် ချေပဂိုးရရှိရန် ထိုးဖောက်ကစားခဲ့ပြီး ချေပဂိုးကို ပွဲချိန် ၆၈ မိနစ်တွင် Gayoso က သွင်းယူခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပွဲချိန် ၈၂ မိနစ်တွင် ဟိန်းထက်အောင်၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် ဝင်းနိုင်ထွန်းက တတိယဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ၈၃ မိနစ်တွင် မြတ်ကောင်းခန့်၏ ပေးပို့မှုမှတစ်ဆင့် သန်းပိုင်က လေးဂိုးမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဇူလိုင် ၂၅ ရက်က ကစားခဲ့သည့် မလေးရှားအသင်းနှင့်ပွဲစဉ်တွင် နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသော်လည်း ယခုပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့သည့်အတွက် အုပ်စု (B) ၏ တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
အာဆီယံ ဟွန်ဒိုင်းဖလား အုပ်စု(A) တတိယနေ့ ပွဲစဉ်များကို ဇူလိုင် ၃၁ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MFF
