Skip to main content

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

နေပြည်တော်  ဇူလိုင် ၂၃

တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒသမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၄၃ ဦး တက်ရောက်သဖြင့် ၉၆ ဒသမ ၉၆ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးဇင်မင်းထက်က ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း(၂၀၂၆ခုနှစ်)နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက်အဆိုပြုတင်ပြရာ ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်၏အဆုံးအဖြတ်ရယူအတည်ပြုသည်။

ယင်းနောက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်းက အဆိုပါဥပဒေ ကြမ်းတစ်ရပ်လုံးကိုအတည်ပြုရန် အဆိုတင်သွင်းသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်းကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးဇင်မင်းထက်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေအရ အသုံးရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း(၂၀၂၆ခုနှစ်)နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက်အဆိုပြုတင်ပြပြီး ပြည်ထောင်စု လွှတ်တော်နာယကက လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

ယင်းနောက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်းက အဆိုပါဥပဒေ ကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင်သွင်းသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကိုအတည်ပြုရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်းကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒီဇယ်ဆီ HSD(500 ppm)အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ထပ်မံတိုးမြှင့်၍ ခွင့်ပြုနိုင်ရေးနှင့်သဘာဝဓာတ်ငွေ့ရည်(Liquefied Natural Gas)အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့် ထပ်မံခွင့်ပြုနိုင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဟန်ဝင်းအောင်က နိုင်ငံတော်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းအခြေအနေ၊ ပြည်တွင်းဒီဇယ်ဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန် ကုန်စည်ဈေးနှုန်း၊ ဓာတ်အားခဈေးနှုန်းနှင့် အခြားဒေသတွင်း နိုင်ငံများ၏တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများအပေါ် လစဉ်စိစစ်သုံးသပ်လျက်ရှိရာ ဒီဇယ်ဆီ HSD(500 ppm) အပေါ်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်၊ သဘာဝဓာတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို ဇွန်လအတွက် ()လထပ်မံတိုးမြှင့်ကင်းလွတ်ခွင့်ပြုရန် လိုအပ်လျက်ရှိပါကြောင်း။

နိုင်ငံတော်အနေဖြင့် ဒီဇယ်ဆီ HSD(500 ppm)နှင့် သဘာဝဓာတ်ငွေ့ရည်တို့အပေါ် အခွန်ကင်းလွတ် ခွင့်ပြုခြင်းကြောင့် လျော့နည်းသွားမည့်အခွန်ငွေများကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခွန်နှုန်းထားများ တိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်ခြင်းဖြင့် ရသင့်ရထိုက်သည့်အခွန်များကို ပိုမို ကောက်ခံရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဒီဇယ်ဆီ HSD (500 ppm)အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်တို့ကို () ထပ်မံတိုးမြှင့်ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၏ သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန် တင်ပြရခြင်းဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍  ဒီဇယ်ဆီ HSD(500 ppm)အပေါ် အထူးကုန်စည်ခွန်နှင့်  ကုန်သွယ်လုပ်ငန်းခွန်ကင်း လွတ်ခွင့်၊ သဘာဝဓာတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်တို့ကို ၂၀၂၆ ခုနှစ် ဇွန် ရက်မှ ၃၀ ရက်အထိ ()ထပ်မံ၍ ခွင့်ပြုနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒသမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို  ဇူလိုင် ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။      

သတင်းစဉ်