Skip to main content

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး တိုးတက်အောင်မြင်မှုများဖြစ်ထွန်း

နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၂ ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင်များနှင့် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဇွန် ၁၇ ရက်တွင် ရှမ်းပြည်နယ် မိုင်းလားမြို့သို့သွားရောက်ပြီး အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ဇွန် ၁၈ ရက်တွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ် ပန်ဆန်းမြို့သို့ သွားရောက်ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌနှင့် အဆင့်မြင့်ခေါင်းဆောင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ဇူလိုင် ၂ ရက် တွင် နေပြည်တော်၌ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုကော်မတီဝင်များနှင့်လည်းကောင်း၊ ဇူလိုင် ၆ ရက်တွင် နေပြည်တော်၌ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) တို့နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်၍လည်း NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လက်မှတ်မရေးထိုးရသေးသောအဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် လက်နက်ကိုင်ပဋိပက္ခများ လျှော့ချရေးနှင့် တည်ငြိမ်အေးချမ်းရေးမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးရရှိရေး လုပ်ငန်းစဉ်များကို တစိုက်မတ်မတ် အလေးထားဆောင်ရွက်နေသည်ကို တွေ့ရသည်။ နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လမ်းကြောင်းမှ သွေဖည်သွားသည့်အဖွဲ့များ၊ NCA တွင် လက်မှတ်မရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြရာတွင် ပြည်ထောင်စုကြီးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ ဒေသတွင်း၌ ပဋိပက္ခများမဖြစ်ပွားစေရေးအတွက် လက်အောက်ခံအဖွဲ့များအား စနစ်တကျထိန်းသိမ်းပေးနိုင်ရေး၊ နှစ်ဖက်သဘောတူ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် နည်းလမ်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယခုလက်ရှိ တွေ့ဆုံဆွေးနွေးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုအပေါ်တွင် ပကတိအမြင်ရိုးသားမှုဖြင့် မှန်ကန်ကောင်းမွန်စွာ ဆွေးနွေးခဲ့ကြသည်။ ငြိမ်းချမ်းရေးကိုလိုလားသည့် ဖြူစင်သောသဘောထားများဖြင့် ဆွေးနွေးခဲ့ကြရာ ငြိမ်းချမ်းရေးနှင့် အလှမ်းမဝေးတော့ဟု ဆိုနိုင်သည်။

နိုင်ငံတော်သမ္မတအနေဖြင့် အစိုးရသစ်၏လုပ်ငန်းစဉ်များတွင် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားတည်ငြိမ်ရေးတို့ကို ဦးစားပေးဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အလေးထားအသိအမှတ်ပြုကြသည်။ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစိုက်မတ်မတ်ပါဝင်လျှောက်လှမ်းလျက် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးတွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ဆွေးနွေးကြသည်။

ထို့အပြင် တန်းတူရေးကိုအခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေး၊ ယုံကြည်မှုကို ထိခိုက်စေသည့် ဖြစ်စဉ်များအပေါ် သင်ခန်းစာယူပြီး ထပ်မံမဖြစ်ပွားအောင် အလေးထားဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုမဖြစ်ပွားရေးစသည်တို့ကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြသည်။ သို့ဖြစ်ရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို နှစ်ဖက်အလေးထားဆောင်ရွက်နိုင်ခဲ့သော ရလဒ်များကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဦးတည်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ သိသာထင်ရှားစွာ အောင်မြင်ဖြစ်ထွန်းနေပြီဖြစ်ပါကြောင်း။ ။