နေပြည်တော် ဇူလိုင် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။
ထိုသို့ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ အတွင်းရေးမှူး (၁) စောကျော်ညွန့်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် စောအောင်ကောင်းရွှေနှင့် စောဩဘာ၊ စီးပွားရေးဌာနမှူး စောဒေးဗစ်တို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က KNU/ KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် မိမိတို့နှင့် စဉ်ဆက်မပြတ် လက်တွဲဆောင်ရွက်နေသည့်အဖွဲ့ဖြစ်ကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက်လည်း ပေါင်းစပ်ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးက နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေးဆက်လက်လျှောက်လှမ်းရန်အတွက် ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ကြောင်း၊ ငြိမ်းချမ်းရေးလမ်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် ဖိတ်ခေါ်မှုအတွက် ဝမ်းသာကြောင်း၊ ငြိမ်းချမ်းရေးမပျက်သေးဘဲ ယနေ့ကဲ့သို့ အခွင့်အရေးရသည့်အတွက် များစွာဂုဏ်ယူကြောင်း၊ ရိုးသားဖြူစင်စွာဖြင့် ငြိမ်းချမ်းရေးအားဆောင်ရွက်ပါက လွယ်ကူနိုင်မည်ဖြစ်ပြီး ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များကိုလည်း ရင်းနှီးပွင့်လင်းစွာ တင်ပြမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍လည်း လိုအပ်ချက်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက NCA ကို ဆက်လက်အကောင်အထည်ဖော်ပြီး ဒေသတွင်းတိုက်ပွဲများ မဖြစ်ပွားအောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးနှင့် ပညာရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရမှ ပံ့ပိုးဆောင်ရွက်ပေးရေး၊ ထော့ကိုကိုးဒေသရှိ စာသင်ကျောင်းများအတွက် လိုအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ရရှိရေး၊ သောက်ရေသန့်စက်နှင့် ရေသန့်ရရှိရေး၊ ငှက်ဖျားကာကွယ်ဆေး၊ ကုသဆေး၊ ဆက်စပ်ဆေးဝါးအထောက်အပံ့များ၊ တုပ်ကွေးကာကွယ်ဆေးနှင့် တီဘီရောဂါဆေးဝါးများအား ထောက်ပံ့ပေးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးကြသည်။
ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ပဋိပက္ခများလျှော့ချရေးနှင့် တည်ငြိမ်အေးချမ်းရေးမှတစ်ဆင့် ငြိမ်းချမ်းရေးရရှိရေးလုပ်ငန်းစဉ်များကို NSPNCမှ အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လမ်းကြောင်းမှ သွေဖည်သွားသည့်အဖွဲ့များ၊ NCA လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စ၊ ဒေသတွင်းပဋိပက္ခများ မဖြစ်ပွားစေရေးအတွက် လက်အောက်ခံအဖွဲ့များအား စနစ်တကျ ထိန်းသိမ်းပေးရေး၊ Bilateral တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် နည်းလမ်းများရှာဖွေနိုင်ရေးကိစ္စရပ်တို့ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး လက်မှတ်ရေးထိုးအတည်ပြုကြသည်။
ယင်းနောက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးက ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်
