Skip to main content

၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာ

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

ချစ်ကြည်လေးစားအပ်ပါသော မိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား

ယနေ့၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာသမဝါယမနေ့” နှင့် ဇူလိုင်လ (၆) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့” အခါသမယများတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ၊ သမဝါယမမိသားစုဝင်များနှင့် ကျေးလက်နေမိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သလိုက်ပါသည်။

မြန်မာနိုင်ငံအပါအဝင်ကမ္ဘာ့နိုင်ငံအသီးသီးမှ အခြေခံလူတန်းစားများ၏ စီးပွားရေးအရ စုပေါင်းလုပ်ဆောင်နိုင်သည့် စွမ်းအားများကို အသိအမှတ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (ICA) ကို ၁၈၉၅ခုနှစ်ကတည်းကပင် စတင်ဖွဲ့စည်းခဲ့ပြီး “အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့” ကို ၁၉၂၃ ခုနှစ်ကတည်းက သတ်မှတ်ထားရှိကာ အထိမ်းအမှတ်ပွဲများ ကျင်းပလာခဲ့ပါသည်။ သမဝါယမဆိုသည်မှာ ကိုယ့်အားကိုယ်ကိုးခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်းနှင့် စည်းလုံးညီညွတ်ခြင်းဆိုသည့် အဓိပ္ပာယ်ပြည့်ဝသည့် အနှစ်သာရများကို ပေါင်းစည်းအခြေခံထားခြင်းဖြစ်ပါသည်။

ယနေ့အချိန်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်အဖွဲ့ဝင် နိုင်ငံပေါင်း (၁၀၆) နိုင်ငံတွင် အသင်းသားပေါင်း (၁) ဘီလီယံကျော် ပါဝင်ဖွဲ့စည်းထားပြီး ကမ္ဘာ့အလုပ်လုပ်ကိုင်သူ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေသန်း ၈၂၀ ကျော်ကို အလုပ်အကိုင်များ ဖန်တီးပေးထားကြောင်းသိရှိရပါသည်။ ကမ္ဘာ့အကြီးဆုံးနိုင်ငံတကာ လုပ်ငန်းစုကြီးများအားလုံးတွင် အလုပ်လုပ်နေသူ စုစုပေါင်းထက်သမဝါယမလုပ်ငန်းခွင်များတွင် အလုပ်လုပ်နေသူ ၂၀ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေသည်ကို တွေ့ရှိရခြင်းမှာ သမဝါယမစနစ်၏ အင်အားကြီးမားကြောင်းကို မီးမောင်းထိုးပြနေခြင်းပင် ဖြစ်ပါသည်။

ထိုကဲ့သို့ ကြီးမားကျယ်ပြန့်သော သမဝါယမအင်အားစုကြီး၏ အဓိကအကျိုးပြုသည့်နေရာသည် လူဦးရေနေထိုင်မှုများပြားသော ကျေးလက်ဒေသများပင် ဖြစ်ပါသည်။ ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေစေရေးနှင့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် နိုင်ငံအသီးသီးက ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြပါသည်။ ထိုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုရန်နှင့် ခွန်အားအပြည့်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် ဇူလိုင်လ (၆) ရက်နေ့ကို “ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့” အဖြစ် ဆုံးဖြတ်ချမှတ်ခဲ့ပါသည်။ ၎င်းမှာ ကမ္ဘာတစ်ဝန်းလုံးရှိ ကျေးလက်ဒေသများ၏ အရေးကြီးပုံကို ကမ္ဘာ့ခေါင်းဆောင်များက အလေးအနက်ထားအသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်ပါသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အတွက် သတ်မှတ်ဆောင်ပုဒ်မှာ “ကမ္ဘာမြေငြိမ်းချမ်းဖို့ သမဝါယမများက ဝန်းရံစို့” ဖြစ်ပါသည်။ သမဝါယမစနစ်သည် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းသာမက လူမှုရေးစည်းလုံးညီညွတ်မှုကို ခိုင်မာစေပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းများကို တည်ဆောက်ရာတွင် ကြီးမားသော စွမ်းရည်ရှိသည်ကို ဖော်ပြနေခြင်းပင်ဖြစ်ပါသည်။ အလားတူ ယခုနှစ်ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “တက်ကြွ၍ သာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့သော ကျေးလက်အသိုက်အဝန်းဖော်ဆောင်ရေး” ဖြစ်ပါသည်။ ၎င်းဆောင်ပုဒ်နှစ်ခုမှာ ဆက်စပ်မှုရှိပြီး ပေါင်းစပ်ကြည့်ပါက ပြည်သူလူထုတက်ကြွစွာ ပူးပေါင်းပါဝင်သော သမဝါယမစီးပွားရေးစနစ်ရှိမှသာလျှင် သာယာဝပြောမှုပိုမိုရရှိမည်ဖြစ်သကဲ့သို့ သာယာဝပြောမှုရှိမှသာလျှင် ပြည်သူများ၏ နေ့စဉ်ဘဝသည် ပျော်ရွှင်ချမ်းမြေ့နိုင်မည်ဖြစ်ပါသည်။ ၎င်းမှာ နိုင်ငံတော်အစိုးရက ချမှတ်ထားသော တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေးရည်မှန်းချက်နှင့်လည်း ကိုက်ညီနေသဖြင့် သမဝါယမစနစ် အောင်မြင်ရေးနှင့်ကျေးလက်ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားလိုပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော ဒီမိုကရေစီအစိုးရဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ဆန္ဒနှင့် အမှန်တကယ်လိုအပ်ချက်များကို အပြည့်ဝဆုံးနှင့် အထိရောက်ဆုံးဖော်ဆောင်ပေးကြရမည်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ်မှုရှိရန် လိုအပ်သကဲ့သို့ စီးပွားရေးအရ ခိုင်မာတောင့်တင်းမှု ရှိရန်လည်း လိုအပ်ပါသည်။ “ကျေးလက်ဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးမည်” ဖြစ်ရာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားလာရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် မဟာဗျူဟာချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်မှသာ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းလာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ပါသည်။        

ချစ်ကြည်လေးစားအပ်ပါသော မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား

သမဝါယမစနစ်ကိုမဏ္ဍိုင်ပြုပြီး စနစ်ကျသောစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အစုအဖွဲ့များ ခိုင်မာအားကောင်းလာစေရေး၊ ကျေးလက်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကျေးလက်စီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးစေရေးတို့အတွက် မူဝါဒများ ခိုင်ခိုင်မာမာချမှတ်ပြီး ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍနှင့် စိုက်ပျိုး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။

ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း သမဝါယမစနစ်ကို ကျင့်သုံးလျက်ရှိပြီး လုပ်ငန်းများအောင်မြင်ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး အထောက်အကူပြုပေးလျက်ရှိနေသည်ကို တွေ့ရပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း သမဝါယမလုပ်ငန်းများကို ၁၉၀၄ ခုနှစ်ကတည်းကပင်စတင်ခဲ့ပြီး မြန်မာနိုင်ငံ ဗဟိုသမဝါယမအသင်းသည် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ် ၁၉၉၃ ခုနှစ်တွင် ဝင်ရောက်ခဲ့ပါသည်။ သမဝါယမလုပ်ငန်းများသည် ငွေကြေးအကျပ်အတည်း၊ သဘာဝဘေး စသည့်ခက်ခဲသည့် ကာလများ၌ပင် ရင်ဆိုင်ကျော်လွှားပြီး ပုံမှန်စီးပွားရေးလုပ်ငန်းများထက် ပိုမိုကြံ့ကြံ့ခံ၍ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ကြသည်ကို တွေ့ရပါသည်။

ထို့ပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုများကို ထိန်းသိမ်းကာကွယ်ပေးခြင်း၊ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် ဖူလုံလောက်ငစေရေးအတွက် အကူအညီအထောက်အပံ့ပေးခြင်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းများကို ငွေကြေးအရင်းအနှီးထောက်ပံ့ပေးခြင်း၊ လူ့ကျင့်ဝတ်စံတန်ဖိုးများ ပျိုးထောင်ပေးခြင်း စသည့် အခန်းကဏ္ဍများတွင် သမဝါယမအသင်းအဖွဲ့များက တက်ကြွစွာ ပါဝင်လျက်ရှိကြပါသည်။ ထိုကဲ့သို့ တက်ကြွစွာပါဝင်ဆောင်ရွက်ရာတွင် အဓိကကျသောကဏ္ဍမှာ “သမဝါယမစနစ်ကို အခြေခံသော စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေး” ပင် ဖြစ်ပါသည်။

စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သော မြေယာ၊ ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစု၊ နည်းပညာနှင့် လူသားအရင်းအမြစ်များကို တစ်ဦးတစ်ယောက်ချင်းသီးခြားဆောင်ရွက်ပါက အခက်အခဲများ၊ အဆင်မပြေမှုများ ရှိနိုင်ပါသည်။ သမဝါယမအစုအဖွဲ့စနစ်ဖြင့် စနစ်တကျပူးပေါင်း၍ စုပေါင်းဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများလွယ်ကူလျင်မြန်ခြင်း၊ လေလွင့်ဆုံးရှုံးမှုများကို လျှော့ချနိုင်ခြင်း၊ ထွက်ရှိလာသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အရည်အသွေးမီတန်ဖိုးမြှင့်ထုတ်ကုန်များ (Value-added Products) အဖြစ်အဆင့် ထုတ်လုပ်ခြင်းတို့ကို ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်ပါသည်။

သမဝါယမစနစ်မှတစ်ဆင့် ကျေးလက်နေပြည်သူများ စီးပွားပိုမိုဖြစ်ထွန်းလာစေပြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ပါသည်။ ကျေးလက်ဖွံ့ဖြိုး ရေးလုပ်ငန်းများကိုအခြေခံပြီး သမဝါယမစနစ်ကို ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ သမဝါယမစနစ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။

ကျေးလက်ဖွံ့ဖြိုးရေးအတွက်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် စိမ်းလန်း၊ သန့်ရှင်း၊ ခေတ်မီပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ်နှင့် ကျန်းမာရေးစနစ်ကောင်းမွန်သော ကျေးရွာများ၊ ခေတ်မီစနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ လုပ်ငန်းဆောင်ရွက်သော ကျေးရွာများ ဖော်ဆောင်ရေးကို မဖြစ်မနေ ဦးစားပေးဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ယနေ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကို အဆိုးရွားဆုံးခံစားနေရသူများမှာ ကျေးလက်နေပြည်သူများပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျေးလက်ဒေသများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ သစ်တောသစ်ပင်များ ပြုစုပျိုးထောင်ခြင်း၊ စွန့်ပစ်အမှိုက် စနစ်တကျစီမံခန့်ခွဲခြင်းများကို အထူးအလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်မှသာ ကျေးရွာများ သန့်ရှင်းသပ်ရပ်စိမ်းလန်းစိုပြည်ပြီး ခေတ်မီနည်းပညာများကို အသုံးချနိုင်သည့် စံပြကျေးရွာများ (Clean, Green and Smart Villages) အဖြစ်သို့ အသွင်ကူးပြောင်းနိုင်မည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် နိုင်ငံတစ်ဝန်းလုံးရှိ မြို့ကြီးပြကြီးများအထိပါ Smart City များအဖြစ်သို့ ကွန်ရက်ချိတ်ဆက် တက်လှမ်းနိုင်စေရေးကြိုးပမ်းသွားကြရန် တိုက်တွန်းလိုပါသည်။

ခေတ်မီစံပြကျေးရွာများဖြစ်လာစေရန်အတွက် အခြေခံအကျဆုံးဖြစ်သည့် သန့်ရှင်းသော သောက်ရေနှင့် လုံလောက်သော သုံးရေရရှိရေးကို ဦးစားပေး ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ရာသီ ဥတုပြောင်းလဲမှုကြောင့် မြေအောက်ရေခန်းခြောက်လာမှုကို ကာကွယ်နိုင်ရေးမြေပေါ်ရေကို ဦးစားပေးသုံးစွဲပြီး အသေးစားဆိုလာစိုက်ပျိုးရေ ရရှိရေးစနစ်များဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအဆင့်သို့ ရောက်ရှိအောင် အဆင့်မြှင့်တင်ပံ့ပိုးပေးကြရန် လိုအပ်ပါသည်။

အလားတူ ကျေးလက်လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ကောင်းမွန်စေရေးကို အထူးအလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ လမ်းပန်းဆက်သွယ်ရေးသည် ကျေးလက်ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးလှပါသည်။ ရာသီမရွေးသွားလာနိုင်သော ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကုန်ထုတ်တံတားများ၊ ဆက်စပ်ချိတ်ဆက်နေသော ရွာတွင်းလမ်းများ ကောင်းမွန်မှသာလျှင် ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများကို အလွယ်တကူ ရယူနိုင်မည်ဖြစ်ပြီး တောင်သူများ၏ ကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။

လျှပ်စစ်မီးရရှိရေး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် ကျေးလက်မီးလင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ လျှပ်စစ်မီးရရှိမှုသည် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းကို တိုက်ရိုက်မြင့်မားစေရုံသာမက ခေတ်မီကုန်ထုတ်လုပ်ငန်းများ တိုးချဲ့နိုင်ရေးမရှိမဖြစ်လိုအပ်ပါသည်။ ထို့ကြောင့် ဒေသနှင့်ကိုက်ညီသည့် သဘာဝစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးလျှပ်စစ်ရရှိရေး ကြိုးစားအကောင်အထည်ဖော်သွားကြရန် တိုက်တွန်းမှာကြားလိုပါသည်။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့သည် ကျေးလက်ဖွံ့ဖြိုးရေးအတွက် အဓိကအရေးကြီးပါသည်။ ကျေးလက်နေပြည်သူများ၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်စေရေးတို့ကို ဟန်ချက်ညီညီ မြှင့်တင်သွားကြရမည်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်မှာ ပညာတတ်လူသားအရင်းအမြစ် ပြည့်ဝရေးသည် အဓိကကျသဖြင့် ကလေးသူငယ်တိုင်း အနည်းဆုံး KG+9 အထိ မဖြစ်မနေပညာသင်ကြားနိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ခွင့် ရရှိရေးဖန်တီးပေးကြရန် လိုအပ်ပါသည်။ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် စက်မှုနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော်လည်း တက်ရောက်သင်ယူမှု နည်းပါးနေသေးသဖြင့် အသက်မွေးဝမ်းကျောင်းပညာများသင်ယူကြရေး နှိုးဆော်တိုက်တွန်းဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါသည်။ ကျန်းမာရေးကဏ္ဍတွင်လည်း “အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဆိုသည့်အတိုင်း ဆေးရုံ၊ ဆေးပေးခန်းများ တိုးချဲ့ပေးခြင်းသာမက ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပတ်ဝန်းကျင်ဖြစ်ပေါ်စေရေး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

ထိုကဲ့သို့ ပညာရေး၊ ကျန်းမာရေး စသည့်အခြေခံကဏ္ဍများ တိုးတက်လာသည်နှင့်အမျှ ဒေသခံပြည်သူများ၏ ဝင်ငွေတိုးပွားရေးအတွက် ကုန်ထုတ်လုပ်ငန်းများ အားကောင်းလာစေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ MSME များသည် နိုင်ငံတော်စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့်အတွက် မိရိုးဖလာလုပ်ငန်းများကို အဆင့်မြှင့်တင်ကာ ဒေသထွက်စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value-added products) ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးနှင့် MSME များအတွက် လိုအပ်သော ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ သွင်းအားစုများနှင့် ဈေးကွက်ချိတ်ဆက်ရေးတို့ကို နိုင်ငံတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကိုလည်း အမြဲမပြတ် ဖွင့်လှစ်ပေးနိုင်ရေးသက်ဆိုင်ရာဌာနများက အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော မိဘပြည်သူညီအစ်ကိုမောင်နှမများ ခင်ဗျား

ကျေးလက်ဒေသများကိုအခြေခံပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ်နှင့် စုပေါင်းဆောင်ရွက်သည့် ကျေးလက်စီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများကို မလွဲမသွေတိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ပြည်သူပူးပေါင်းပါဝင်သည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများကိုယ်တိုင် စီမံခန့်ခွဲသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံအနှံ့ဖော်ဆောင်ပေးသွားကြရပါမည်။ ထိုကဲ့သို့ စီမံကိန်းများကို ပြည်သူများကိုယ်တိုင်ပါဝင်စဉ်းစား ကိုယ်တိုင်ဆုံးဖြတ်ပြီး ကိုယ်တိုင်အကောင်အထည်ဖော်စေခြင်းဖြင့် ပြည်သူများအကြား ပိုင်ရှင်စိတ်ဓာတ် (Ownership Mindset) ကို ဖြစ်ပေါ်စေပြီး ဖွံ့ဖြိုးရေးရလဒ်များကို ရေရှည်ခိုင်မြဲစေအောင် ထိန်းသိမ်းလုပ်ဆောင်သွားနိုင်ကြမည်ဖြစ်ပါသည်။

ထိုကဲ့သို့ ဘက်စုံကဏ္ဍစုံမှ ဟန်ချက်ညီညီ ဖော်ဆောင်သွားခြင်းဖြင့် ယခုနှစ် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ ဆောင်ပုဒ်ဖြစ်သော “တက်ကြွ၍ သာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့သော ကျေးလက်အသိုက်အဝန်း ဖော်ဆောင်ရေး” ကို ဦးတည်လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရတစ်ရပ်တည်း၏ အင်အားဖြင့်သာ ဆောင်ရွက်၍ မရနိုင်သည်ကို အားလုံးအသိပင် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရနှင့်အတူ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ကျေးလက်နေပြည်သူလူထုတစ်ရပ်လုံးက ညီညွတ်သော စုပေါင်းစွမ်းအားဖြင့် ဟန်ချက်ညီညီ လက်တွဲပူးပေါင်းပါဝင်ကြမှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ပါသည်။

မိမိတို့အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရန် သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်သည့်အတိုင်း ကျေးလက်ဒေသများ ကုန်ထုတ်လုပ်မှုအားကောင်းလာပြီး အောင်မြင်တိုးတက်သည့် စီးပွားရေးဝန်းကျင်ဖြစ်လာစေရေး၊ ပြည်သူများ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝသာယာဝပြောလာစေရေးတို့ကို အားပေးကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် အေးချမ်းတည်ငြိမ်ပြီး လူမှုစီးပွားဘဝမြင့်မားတိုးတက်သည့် ပျော်ရွှင်ချမ်းမြေ့သော လူ့အသိုက်အဝန်းကြီးအဖြစ်သို့ မလွဲမသွေရောက်ရှိစေရေး တည်ဆောက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြား လိုပါသည်။

နိဂုံးချုပ်အနေဖြင့် တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့် ခံယူချက်နှင့်အညီ နိုင်ငံတော်၏ ကြွယ်ဝသည့် သယံဇာတများနှင့် လူသားအရင်းအမြစ်များကို စနစ်တကျအသုံးချပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ယခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့တို့က နှိုးဆော်တိုက်တွန်းသည့် ဆောင်ပုဒ်များနှင့်အညီ သမဝါယမစနစ်အောင်မြင်ရေး၊ ကျေးလက်ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်မှသည် မြို့ပြအထိ သန့်ရှင်း၊ စိမ်းလန်းပြီး ခေတ်မီသည့် မြို့ရွာများ ပေါ်ထွန်းလာစေရေးအတွက် တာဝန်ရှိသူအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ တက်တက်ကြွကြွ ဝိုင်းဝန်းလက်တွဲ တည်ဆောက်သွားကြပါရန် တိုက်တွန်းနှိုးဆော်လျက် ဤသဝဏ်လွှာကို ပေးပို့လိုက်ရပါသည်။

အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးမင်းအောင်လှိုင်

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်