ရန်ကုန် ဇွန် ၂၄
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လမ်းမများနှင့်ယာဉ်ရပ်နားနိုင်သည့်နေရာများတွင် အတားအဆီးများချထားခြင်းမရှိစေရေးအတွက် မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုတစ်ရပ်လုံးပူးပေါင်းပါဝင်မှသာ ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။
ဇွန် ၂၃ ရက်ကကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသတ္တမနေ့တွင် လှိုင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်၏ ရန်ကုန်မြို့တော်အတွင်းရှိ အမည်တပ်လမ်းမကြီးများနှင့် နံပါတ်တပ်လမ်းများပေါ်တွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်ချထားသည့် အတားအဆီးများကို ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဝန်ကြီးကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးအရချထားမှုများနှင့်ပတ်သက်၍ ဝန်ကြီးဦးမျိုးမြင့်အောင်က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအရလိုအပ်ချက်ကြောင့် အတားအဆီးများ ချထားခဲ့ရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လုံခြုံရေးအရဖြေလျှော့ပေး၍ရသည့်နေရာများကို စတင်ဖယ်ရှားပေးခဲ့ရာ ထက်ဝက်နီးပါးခန့်ဖယ်ရှားပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် နေရာအချို့တွင်မူ လုံခြုံရေးလိုအပ်ချက်အရ ဆက်လက်ချထားရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့ပြင် ပုဂ္ဂလိကများကလမ်းပေါ်တွင် အတားအဆီးများချထားခြင်းနှင့်ပတ်သက်၍ “၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၁၅ အရ အများပြည်သူဆိုင်ရာလမ်းတွေပေါ်မှာ ယာဉ်ရပ်နားတာ ဒါမှမဟုတ် ယာဉ်သွားလာတာကို အနှောင့်အယှက်ဖြစ်စေမယ့် ဘယ်လိုအတားအဆီးမျိုးကိုမဆို ပြုလုပ်ခြင်းမရှိစေရလို့ ပြတ်ပြတ်သားသားတားမြစ်ထားပါတယ်” ဟု ထောက်ပြပြောဆိုသည်။
လက်ရှိတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကို ဖယ်ရှားရှင်းလင်းခြင်းများ အစဉ်တစိုက် ဆောင်ရွက်နေသော်လည်း အချို့နေရာများတွင် ပြန်လည်ချထားသည်ကို စိစစ်တွေ့ရှိနေရသဖြင့် ထပ်မံကျူးလွန်သူများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈) ပါ ပြဋ္ဌာန်းချက်များအတိုင်း ခြွင်းချက်မရှိ ထိရောက်စွာဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
TWA
