Skip to main content

ထုတ်ကုန်များတိုးတက်ထုတ်လုပ် အလုပ်အကိုင်စီးပွားရေးအဆင်ပြေ

နိုင်ငံတော်အနေဖြင့် ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်ပြီး စီးပွားရေးကောင်းမွန်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့သော် ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုအရည်အသွေးနှင့် အရေအတွက်အားနည်းနေဆဲဖြစ်သည်။ နိုင်ငံတော်သမ္မတအနေဖြင့် ယခုလဆန်းပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပြီး လလယ်ပိုင်း၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်များမှတစ်ဆင့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် အခွင့်အလမ်းကောင်းများရရှိခဲ့သည်။

အဆိုပါခရီးစဉ်များသည် မြန်မာနိုင်ငံတွင် ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေး နှစ်နိုင်ငံခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ကောင်းမွန်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သကဲ့သို့ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာမည်ဖြစ်ပြီး လူမှုစီးပွားဘဝမြင့်မားတိုးတက်လာမည်ဖြစ်သည်။

ကုန်ထုတ်လုပ်ငန်းများ စွမ်းအားပြည့်လည်ပတ်နိုင်စေရန်အတွက် လိုအပ်သည့်သွင်းအားစုများရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများအနေဖြင့် မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ သဘာဝအရင်းအမြစ်ကောင်းများစွာတို့ကို ပိုင်ဆိုင်ထားသည်။ သို့သော် လိုအပ်နေသည်မှာ အမှန်တကယ်လုပ်ကိုင်ကြရန်နှင့် အလုပ်လုပ်ချင်ကိုင်ချင်စိတ်များရှိနေရန်လိုသည်။ “အလုပ်လုပ်ချင်စိတ်သည် လူတိုင်းနှင့်သက်ဆိုင်ပြီး အလုပ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများလိုအပ်သဖြင့် နိုင်ငံတော်မှအလုပ်အကိုင်အခွင့်အလမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်တတ်ရန်အတွက် အသိပညာ၊ အတတ်ပညာများရှိရန်လိုအပ်သဖြင့် လိုအပ်သည်များကို သင်ကြားပြသပေးရန်လိုကြောင်း” နိုင်ငံတော်သမ္မတက ဇွန် ၂၃ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံများအားလုံး လည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အလေးထားဆောင်ရွက်သွားကြရန်လိုသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင်ဆောင်ရွက်ရမည်ဖြစ်သည်။ ယခုအခါ မိုးရာသီရောက်ရှိလာပြီဖြစ်၍ စိုက်ပျိုးရန်သတ်မှတ်ထားသည့်သီးနှံများ ရည်မှန်းချက်အတိုင်းစိုက်ပျိုးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် (၄) ချက်ကို လိုက်နာဆောင်ရွက်ရန်လိုသည်။

မျိုးကောင်းမျိုးသန့်များရရှိမှသာ အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်သည်။ မြေကောင်းမွန်ရေးအတွက် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ စနစ်တကျ ထည့်သွင်းဆောင်ရွက်သွားရန်လိုသည်။ စိုက်ပျိုးရေနှင့်အောင်ရေ လုံလောက်စွာရရှိရေးကိုလည်း ဆောင်ရွက်ပေးရန်လိုပြီး နည်းစနစ်တကျ စိုက်ပျိုးသွားရန်လိုသည်။ မျိုးကောင်း၊ အထွက်ကောင်းမွန်လာပါက ပြည်တွင်းစားသုံးမှုဖူလုံရေးအပြင် ပြည်ပပို့ကုန်များပါ တိုးတက်ဆောင်ရွက်ကြရန်လိုသည်။ ဥပမာ ဖျာပုံပေါ်ဆန်းမွှေး၊ ပုသိမ်ပေါ်ဆန်းမွှေးထက် ပိုမိုကောင်းမွန်သည့် ကျားပျံပေါ်ဆန်းမွှေးကို ပိုမိုထုတ်လုပ်ကြကာ ပြည်ပသို့တင်ပို့နိုင်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ပိုမိုကောင်းမွန်သောမျိုးများနှင့် အထွက်နှုန်းတိုးရေးတို့ကို အလေးပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ထို့အတူ မွေးမြူရေးကဏ္ဍတွင်လည်း အစဉ်အဆက် တန်ဖိုးထားခဲ့ကြသည့် ကျွဲ၊ နွားများ ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်ပနိုင်ငံများသို့ ကျွဲ၊ နွားများတင်ပို့မှုကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကျွဲ၊ နွားများ ရှားပါးလာသည်ကိုတွေ့ရသည်။ ကျွဲ၊ နွားရှားပါးလာခြင်းသည် စားရေရိက္ခာဖြည့်ဆည်းရေး၌ ထိခိုက်မှုများရှိလာနိုင်သည်။ ကျွဲ၊ နွားများ ပိုမိုတိုးတက်မွေးမြူနိုင်ရေး မွေးမြူရေးဇုန်များဖြင့် တစ်အုပ်တစ်မ မွေးမြူဆောင်ရွက်သွားကြရန်လိုသည်။ ကျွဲ၊ နွားမွေးမြူရာတွင် နို့စားနွားများမွေးမြူရေးကို တွင်ကျယ်အောင်ပြုလုပ်ပြီး နို့နှင့်နို့ထွက်ပစ္စည်းများ တိုးတက်ထုတ်လုပ်ကြရမည်ဖြစ်သည်။ အလားတူ ကြက်၊ ဝက်၊ ဆိတ်နှင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းများပေါများရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများရှိ ရှိရင်းစွဲလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခြင်းအပြင် ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားလာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း။ ။