မန္တလေး ဇွန် ၂၃
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စက်မှုနယ်မြေရှိ Double Rhinos ဘိလပ်မြေစက်ရုံ၊ မန္တလေး Smile ကုမ္ပဏီနှင့် Alpha ဘိလပ်မြေစက်ရုံတို့သို့ သွားရောက်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်လျက်ရှိကြသော တရုတ်နိုင်ငံသားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် စက်ရုံများတွင် ကာလရှည်ကြာတာဝန်ထမ်းဆောင်နေကြသည့် တရုတ်နိုင်ငံသားများနှင့် ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် လုံခြုံစိတ်ချစွာ သွားလာလည်ပတ် နိုင်မှုအခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် မိမိတို့၏ ပတ်ဝန်းကျင်တွင်လည်းကောင်း၊ လူမှုကွန်ရက်စာမျက်နှာများ (Social Media) မှတစ်ဆင့်လည်းကောင်း အခါအားလျော်စွာ ဆက်လက်ဖြန့်ဝေမျှဝေပေးစေလိုကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသားခရီးသွားများ မြန်မာနိုင်ငံသို့ အလွယ်တကူစိတ်အေးချမ်းသာစွာ လာရောက်လည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံအပေါ် အမြင်သဘောထားများနှင့် ပတ်သက်၍ တာဝန်ရှိသူများက အင်တာဗျူးမေးမြန်းခြင်းများနှင့် Video Clip ရိုက်ကူးခြင်းများကို ဆောင်ရွက်ကြပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
