Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ်အလုပ်လုပ်ရန်လို

နေပြည်တော် ဇွန် ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းစီနွံအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

တိုင်းပြည်သာယာဝပြောရေးအတွက် အားလုံးပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်

ဦးစွာ နိုင်ငံတော်သမ္မတကအဖွင့်အမှာစကားပြောကြားရာတွင် တိုင်းပြည်သာယာဝပြောရေးအတွက် နိုင်ငံတော်အစိုးရမှ တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားလုံးပူးပေါင်း၍ လုပ်ငန်းများအောင်မြင်မှုရှိစေရေးအတွက် ကဏ္ဍအလိုက် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းများကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုလာမည့် ဘဏ္ဍာနှစ်အတွင်း ပညာရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်မှုကဏ္ဍများ အဆင့်မြှင့်တင်ခြင်းကို အလေးထားဆောင်ရွက်သွားရန်လိုကြောင်း။

လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်သကဲ့သို့ ရှိရင်းစွဲကုန်ထုတ်လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လို

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ အားနည်းနေဆဲပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့်ပြီးခဲ့သည့် လဆန်းပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပြီး မကြာမီရက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်ခဲ့ကြောင်း၊ ထိုသို့ခရီးစဉ်များသွားရောက်စဉ် မိမိတို့နိုင်ငံတွင် ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေး စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ခြင်းသည် မိမိတို့နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းဖြင့် အလုပ်အကိုင်များရရှိမည်ဖြစ်သကဲ့သို့ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ ရှိရင်းစွဲကုန်ထုတ်လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်ငန်းများစွမ်းအားပြည့် လည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် သွင်းအားစုများရရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မျက်ခြည်မပြတ်ကြပ်မတ်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ်အလုပ်လုပ်ရန်လိုကြောင်း၊ အလုပ်လုပ်ချင်စိတ်သည် လူတိုင်းနှင့် သက်ဆိုင်ပြီး အလုပ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများလိုအပ်သဖြင့် နိုင်ငံတော်မှအလုပ်အကိုင်အခွင့်အလမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်တတ်ရန်အတွက် အသိပညာ၊ အတတ်ပညာများရှိရန် လိုအပ်သဖြင့် လိုအပ်သည်များကို သင်ကြားပြသပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ အားလုံးလည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လို

ယခုအခါ မိုးရာသီသို့ရောက်ရှိပြီဖြစ်သဖြင့် စိုက်ပျိုးရန်သတ်မှတ်ထားသည့် သီးနှံများ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် (၄) ချက်ကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များရရှိမှသာ အထွက်နှုန်းများတိုးတက်လာမည်ဖြစ်သဖြင့် မျိုးကောင်းမျိုးသန့်များရရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေကောင်းမွန်ရေးအတွက်လည်း လိုအပ်သည့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာနှင့် သဘာဝဓာတ်မြေဩဇာများကို စနစ်တကျထည့်သွင်းပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူစိုက်ပျိုးရေနှင့် အောင်ရေများလုံလောက်စွာရရှိရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုပြီး နည်းစနစ်တကျစိုက်ပျိုးရန်လည်းလိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရန်သတ်မှတ်ထားသည့် သီးနှံများအားလုံး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန်လိုကြောင်း။

မွေးမြူရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ ကျွဲနွားများကို တရားမဝင်တင်ပို့ခြင်းများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျွဲနွားများ ရှားပါးလာသည်ကိုတွေ့ရှိရကြောင်း၊ ကျွဲနှင့်နွားများရှားပါးလာမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ကိုထိခိုက်လာနိုင်ကြောင်း၊ ထို့ကြောင့် ကျွဲနှင့်နွားများ ပိုမိုတိုးတက်မွေးမြူနိုင်ရေး မွေးမြူရေးဇုန်များဖြင့် တစ်အုပ်တစ်မ မွေးမြူဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နို့စားနွားများကိုပါ ထည့်သွင်းမွေးမြူသွားရန်လိုကြောင်း၊ အလားတူဒေသအလိုက် စားသောက်ရေးကိုအထောက်အကူပြုစေမည့် ကြက်၊ ဝက်၊ ဆိတ်နှင့် ငါးများကိုလည်း တိုးတက်မွေးမြူသွားကြရန်လိုကြောင်း။

စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရပ်များကိုတတ်ကျွမ်းသည့် လူသားအရင်းအမြစ်များ များစွာလိုအပ်

ပညာရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကျောင်းအပ်နှံမှုများမှာ ၇ သန်း၊ ၂ သိန်းကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် KG+9 အထိ မသင်မနေရစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ KG+9 အထိသင်ကြားမည်ဆိုပါက ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်း၏ ဘဝရပ်တည်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အမိကထားဆောင်ရွက်သည့် နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို တတ်ကျွမ်းသည့် လူသားအရင်းအမြစ်များစွာလိုအပ်ကြောင်း၊ ထို့ကြောင့် အခြေခံပညာအလယ်တန်းမှစတင်၍ စိုက်ပျိုးမွေးမြူရေးအခြေခံပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပညာတတ်လူသားအရင်းအမြစ်များ ပိုမိုတိုးတက်ကြွယ်ဝလာစေရေးအတွက် ကျောင်းနေရာခိုင်နှုန်းများ မြင့်မားလာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် အချို့အခြေခံပညာကျောင်းများကို ဖျက်သိမ်းခြင်းနှင့် အချို့ကိုပေါင်းစည်းသင်ကြားခြင်းများဆောင်ရွက်ခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ နယ်မြေလုံခြုံမှုရှိသည့် ဒေသများမှ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းသား၊ ကျောင်းသူများ အပြည့်အဝတက်ရောက်ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျောင်းများအဆင့်မြှင့်တင်လိုခြင်းနှင့် ပတ်သက်၍ ဒေသရှိကျောင်းတက်ရောက်သင်ကြားနိုင်မည့် ကျောင်းနေအရွယ်ကလေးငယ်များ၏ လူဦးရေအချိုးနှင့်တွက်ချက်၍ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းများအဆင့်မြှင့်တင်ရေးဆောင်ရွက်ရာတွင် သင်ကြားရေးဝန်ထမ်းလိုအပ်ချက်များ၊ အုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကိုပါ ထည့်သွင်းစီမံဆောင်ရွက်ရသည်ဖြစ်သဖြင့် စနစ်တကျတွက်ချက်ပြီးမှသာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျစီမံဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် အလေးထားဆောင်ရွက်

အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းများမှစတင်၍ စနစ်တကျသင်ကြားပေးရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အားကစားတွင် ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် ကာယနည်းပြဆရာများ၊ အားကစားနည်းပြဆရာများဖြင့် လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်အလိုက် အားကစားပြိုင်ပွဲများကို စနစ်တကျဖြင့် ကျင်းပပြုလုပ်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် လိုအပ်ချက်များရှိနေသေးသဖြင့် အားကစားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားသမားများ၏ ရေရှည်ဘဝအာမခံချက်ရှိစေရေးအတွက်လည်း စဉ်းစားဆောင်ရွက်ပေးရန် လိုကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

လျှပ်စစ်ဓာတ်အားများအားစနစ်တကျသုံးစွဲရန်လို

လျှပ်စစ်ဓာတ်အားများ တရားမဝင်ရယူသုံးစွဲမှုများနှင့် ပတ်သက်၍ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများ စနစ်တကျဖြစ်စေရေးနှင့် မှန်မှန်ကန်ကန်ဖြစ်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အပြည့်အဝလည်ပတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသည် မိမိတို့နိုင်ငံနှင့် အကိုက်ညီဆုံးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများထုတ်လုပ်နိုင်ရေး တိုင်းရင်းသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပမှတင်သွင်းရန်မလိုသည့် ကျောက်မီးသွေးမှလည်း လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်သဖြင့် မိမိတို့နိုင်ငံတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာထုတ်လုပ်နိုင်ရန် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် (EV) ကားများကို ပြည်တွင်း၌ပင် အစမှအဆုံးထုတ်လုပ်ပြီး ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ လျှပ်စစ်စွမ်းအင်သုံးကုန်တင်ယာဉ်များ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကိုလည်း ပြည်တွင်း၌ သုံးစွဲနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း။

ဒေသဝမ်းစာဖူလုံရေး

ဒေသအလိုက် ဝမ်းစာဖူလုံရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဒေသဝမ်းစာဖူလုံရေးဆောင်ရွက်ရန် အခက်အခဲရှိသည့် အချို့သောဒေသများ၌လည်း ဝမ်းစာဖူလုံမှုရှိစေရေး နိုင်ငံတော်မှ တတ်နိုင်သရွေ့နည်းလမ်းရှာဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားသုံးဆီဖူလုံရေးနှင့် ပတ်သက်၍လည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပဲပုပ်၊ နေကြာ၊ နှမ်း၊ မြေပဲ စသည့် ဆီထွက်သီးနှံများ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းစေရေးအတွက်လည်း အလေးထားဆောင်ရွက်ပေးသွားရန်လိုကြောင်း မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြ

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ပြည်သူများ၏ လိုလားချက်များနှင့် မိမိတို့၏မူဝါဒ သဘောထားများကို ကိုက်ညီမှုရှိစေရေး ပြည်သူများ၏အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ကြရန်လို

ယင်းနောက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုကောင်းရှိရန်လိုပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရန်လိုကြောင်း၊ မိမိတို့ကွပ်ကဲရသည့် ဝန်ထမ်းများနှင့် မိသားစုများ၏ လုပ်ငန်းပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာအခက်အခဲများနှင့် ပတ်သက်၍လည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထို့ပြင် ပြည်သူများအနေဖြင့် ကိုယ်စိတ်နှစ်လုံးချမ်းမြေ့စွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေးအတွက်လည်း ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို မိမိတို့ဖြေရှင်းပေးနိုင်သည့်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပြည်သူများ၏ လိုလားချက်ကို မှန်ကန်စွာ သိရှိနိုင်မှသာလျှင် ဖြေရှင်းပေးနိုင်မည်ဖြစ်သဖြင့် ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန်လည်းလိုကြောင်း၊ အစိုးရအနေဖြင့် မိမိတို့ဖြစ်လိုသည်များကို မူဝါဒချမှတ်ဆောင်ရွက်ရသည်ဖြစ်သော်လည်း ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုခြင်းမျိုးမဖြစ်ရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမားရေး၊ လူမှုရေးစသည်ဖြင့် ကဏ္ဍအလိုက်၊ အလွှာအလိုက် လိုလားချက်များ၊ သဘောသဘာဝများ တူညီမှုရှိမည်မဟုတ်သည့်အတွက် ပြည်သူများ၏ လိုလားချက်များနှင့် မိမိတို့၏ မူဝါဒသဘောထားများ ကိုက်ညီမှုရှိစေရေး ပြည်သူများ၏အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။