ရန်ကုန် ဇွန် ၂၂
မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ပေါ်မှ ဖြတ်သန်းသွားလာခွင့်အချိန်အား မူလသတ်မှတ်ထားသည့် ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်ထပ်တိုး သုံးစွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားသည်။
ဇွန် ၂၂ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်း၏ “ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတားအား ည ၁၂ နာရီအချိန်အထိ ထပ်တိုးသုံးစွဲခွင့်ပြုရန် အစီအစဉ် ရှိ မရှိ” မေးခွန်းအပေါ် ဝန်ကြီး ဒေါက်တာမျိုးသော်က လွှတ်တော်တွင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ယခင်က အဆိုပါတံတားကြီးအား နံနက် ၄ နာရီ မှ ည ၁၀ နာရီအထိသာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်းကြောင့် ဒလမြို့နယ်၊ တွံတေးမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဒေသခံပြည်သူများအနေဖြင့် ညဉ့်နက်ပိုင်း ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အရေးပေါ်ကိစ္စရပ်များ ပေါ်ပေါက်လာပါက သွားလာရေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်းက ထည့်သွင်းဆွေးနွေးခဲ့သည်။
အဆိုပါတံတားဖြတ်သန်းခွင့် အချိန်တိုးမြှင့်ပေးလိုက်ခြင်းကြောင့် ဒလ၊ တွံတေးအပါအဝင် အနီးအနားဒေသများမှ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် အရေးပေါ်ကျန်းမာရေးကိစ္စရပ်များအတွက် သွားလာရေး ပိုမိုအဆင်ပြေချောမွေ့လာတော့မည် ဖြစ်ကြောင်း သိရသည်။
TWA
