Skip to main content

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Phoenix သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေစဉ်အတွင်း Phoenix သတင်းဌာန၊ Phoenix TV မှ Ms. Liu Meixi ၏ တွေ့ဆုံမေးမြန်းမှုများကို ဇွန် ၁၉ ရက်က လက်ခံဖြေကြားခဲ့သည်။ ထိုသို့ Phoenix သတင်းဌာန၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်-

တွေ့ဆုံမေးမြန်းသူ။    ပထမဆုံးအနေနဲ့ သမ္မတကြီးကို အခုလိုသာယာလှပတဲ့ ဟန်ကျိုးမှာ ကျွန်မမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့ နိုင်ငံတကာမီဒီယာတွေမှာ သမ္မတကြီးပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေ၊ ပြောဆိုမှုတွေ၊ ဖြေကြားမှုတွေကို လေ့လာတွေ့ရှိရပါတယ်။ ပထမဆုံးမေးချင်တဲ့ မေးခွန်းလေးကတော့ ဒီမီဒီယာတွေမှာ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး သမ္မတကြီးက တိုင်းပြည်အပေါ် စေတနာထားသူ၊ တိုင်းပြည်အတွက် လက်ရှိကာလမှာရော၊ နောင်အနာဂတ်မှာပါ တိုင်းပြည်ကောင်းအောင် အဓိကဦးစားပေးပြီး စေတနာထား ဆောင်ရွက်ချင်တဲ့ နိုင်ငံရေးပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒီမှတ်ချက်ပေးမှုနဲ့ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်။ ခေါင်းဆောင်တစ်ယောက်၊ ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဘယ် Level မှာပဲ ဖြစ်ဖြစ် ခေါင်းဆောင်ဆိုတာတော့ သူတာဝန်ယူရတဲ့ လုပ်ငန်းအပေါ်မှာ၊ ဌာနအပေါ်မှာ ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတဲ့ စိတ်ရှိရင် အဲဒီလုပ်ငန်းတို့၊ ဌာနတို့က အမြဲတမ်းတိုးတက်ပါတယ်။ ဒါက ကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်၊ ကောင်းတဲ့စိတ်မွေးတာပါ။ ကျွန်တော်လည်း ဒီလိုပါပဲ၊ အရင်က ကျွန်တော်တာဝန်ယူခဲ့တဲ့ ဌာနမှာဆိုရင် ကျွန်တော်ဘယ်လိုကောင်းအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်ခဲ့ပါတယ်။ အောက်ခြေ Level ကနေစပြီးတော့ အဆင့်မြင့် တာဝန်ထမ်းဆောင်တဲ့အထိ ဒီလိုပဲလုပ်တယ်။

အခု နိုင်ငံတော်တာဝန်ယူတဲ့အခါမှာလည်း နိုင်ငံတော်ကို ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတဲ့ စိတ်နဲ့လုပ်ပါတယ်။ စိတ်ကူးဆိုတာ ရှိတယ်၊ ဒီလိုလုပ်ရင် ဘယ်လိုဖြစ်နိုင်မလဲဆိုတာ ရှိကြတယ်၊ ဒါကို ရအောင်အကောင်အထည်ဖော်ရတယ်၊ အဲဒီမှာ ခိုင်မာတဲ့စိတ်ရှိဖို့လိုတယ်၊ သူများပြောရင် ဟုတ် နိုးနိုး ဒီလိုလုပ်နေလို့တော့မရဘူး။ ကိုယ်ဘာလုပ်ချင်တာလဲ၊ လုပ်ချင်တာက မှန်ဖို့လည်းလိုတယ်၊ မမှန်ရင် ဒီဟာက အကျိုးရှိမှာမဟုတ်ဘူး။ ပြဿနာတွေရှိလာလိမ့်မယ်၊ ဖြစ်ပျက်နေတဲ့ ကဏ္ဍတွေမှာ ကြည့်လိုက်ရင် ဒီအတိုင်းပဲ ကျွန်တော်တွေ့တယ်၊ ဒီလိုစိတ်ရင်းနဲ့ လုပ်တယ်လို့ ကျွန်တော်ပြောချင်တာပါ။

တွေ့ဆုံမေးမြန်းသူ။    မေးခွန်းနဲ့ ပတ်သက်ပြီး သမ္မတကြီး အခုဖြေခဲ့တာကို အားရကျေနပ်မိပါတယ်။ ကျွန်မအနေနဲ့ ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံကို ရောက်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံဟာဆိုရင် သဘာဝအရင်းအမြစ်တွေနဲ့ ပြည့်စုံပြီး နယ်ပယ်ပေါင်းစုံမှာ တိုးတက်နိုင်တဲ့ အလားအလာတွေ အများကြီးရှိနေပါတယ်။ ဒီအလားအလာတွေအထဲမှာမှ ၂၀၂၆ ခုနှစ်မှာ သမ္မတကြီးအနေနဲ့ ပြည်သူလူထုတွေရဲ့ လူနေမှုဘဝ၊ အသက်အိုးအိမ်စည်းစိမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုနယ်ပယ်၊ အခန်းကဏ္ဍတွေကနေ ဆောင်ရွက်သွားမလဲဆိုတာကို သိရှိလိုပါတယ်ရှင့်။

နိုင်ငံတော်သမ္မတ။     ကျွန်တော်တို့ဆီမှာ သဘာဝအရင်းအမြစ်တွေရှိတယ်၊ ထုတ်ကုန်ပစ္စည်းတွေရှိတယ်၊ နှစ်မျိုးရှိပါတယ်။ နောက်ပြီး လူသားအရင်းအမြစ်တွေရှိတယ်။ ဒီသုံးခုကို ဘယ်လိုအသုံးချမလဲ စဉ်းစားရပါတယ်။ ကျွန်တော်ရဲ့ မူဝါဒကတော့ သဘာဝအရင်းအမြစ်တွေ၊ ထုတ်ကုန်ပစ္စည်းတွေကို ကုန်ကြမ်းအနေနဲ့ ရောင်းတာမျိုး မနှစ်သက်ဘူး။ ဒီဟာကို တစ်ဆင့်မြှင့်ပြီး တန်ဖိုးမြှင့်ပြီးသွားတာမျိုးဖြစ်အောင် လုပ်ရမယ်။ ဘာလဲဆိုတော့ လုပ်ငန်းတွေ တိုးချဲ့ပေးတဲ့သဘော၊ အလုပ်အကိုင်တွေ ပိုရအောင်လုပ်ပေးတဲ့သဘောပါ။ ကျွန်တော်တို့ဆီမှာ စိုက်ပျိုးရေးထုတ်ကုန်တွေရှိတယ်၊ တွင်းထွက်ပစ္စည်း၊ မြေပေါ် မြေအောက် သယံဇာတပစ္စည်းတွေရှိတယ်။

ခုနကပြောတဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာဆိုရင် စိုက်ပျိုးရေးထုတ်ကုန်တွေကို အားပေးရမယ်။ ဒါတွေလုပ်နိုင်ဖို့ဆိုရင် အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းတွေကို အားပေးမှရမယ်။ ဒီလိုလုပ်နိုင်ရင် အခြေခံလူတန်းစားတွေအတွက် အလုပ်တွေအများကြီးရမယ်။ နောက်တစ်ခုက နည်းပညာနဲ့ပတ်သက်တာတွေလည်း ကျွန်တော်တို့ တစ်ဆင့်သွားမယ်၊ မသွားလို့လည်းမရဘူး၊ ဒီခေတ်က ကျန်ခဲ့လို့မရဘူး၊ နည်းပညာနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ၊ ဥပမာ စိုက်ပျိုးရေးလုပ်ငန်းဆိုရင် နည်းပညာနဲ့သွားတဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စက်မှုတို့ဆိုရင်လည်း နည်းပညာနဲ့ လုပ်တဲ့လုပ်ငန်း၊ ဒီလိုသွားမှရမှာပါ။ ဒီလိုအားပေးမှ ပြည်သူတွေကလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ များများရပြီးတော့ ဝင်ငွေရလာရင် သူတို့ရဲ့ ဥစ္စာဓနကြွယ်ဝမှုနဲ့ သူတို့ရဲ့ လူမှုစီးပွားက တက်လာလိမ့်မယ်။ တိုင်းပြည်က တက်လာမယ့်သဘောပါ။ ဒါကို ကျွန်တော်က ဦးတည်ပါတယ်။

တွေ့ဆုံမေးမြန်းသူ။    ဒီသုံးသပ်ချက်အပေါ်မှာလည်း လယ်ယာစိုက်ပျိုးရေးထုတ်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်ပြီးတော့ ပြည်သူလူထုရဲ့ လူနေမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်မယ်လို့ သမ္မတကြီးအနေနဲ့ ပြောသွားတာကို ကျေးဇူးတင်ပါတယ်။ ဆက်စပ်မေးလိုတာကတော့ ကျွန်မတို့ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ စီးပွားရေးစင်္ကြံအကြောင်းဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် မှာ ၇၆ နှစ် တိုင်ခဲ့ပြီဖြစ်တဲ့ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးကနေ ခုနက သမ္မတကြီးပြောကြားခဲ့တဲ့ ထုတ်ကုန်တွေကို ဒီစီးပွားရေးစင်္ကြံ Platform ကို အသုံးပြုပြီးတော့ ဘယ်လိုအခန်းကဏ္ဍကနေ ဆောင်ရွက်သွားမလဲရှင့်။

နိုင်ငံတော်သမ္မတ။     ကျွန်တော်တို့မှာ ရှည်လျားတဲ့ သမိုင်းကြောင်းတွေရှိတယ်၊ (၇၆) နှစ်ဆိုတဲ့ သံတမန်ဆက်ဆံရေးပါ၊ ဒါပေမယ့် ကျွန်တော်တို့ဆက်ဆံတာ နှစ်ပေါင်းများစွာ ရှိပါပြီ၊ ဟိုးအရင်ကတည်းက ကူးသန်းရောင်းဝယ်မှုတွေ လုပ်ခဲ့ကြတယ်၊ ဒါတွေကို အသုံးချရမှာပါ၊ ခုနကပြောတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ၊ မွေးမြူရေးထုတ်ကုန်တွေ၊ သယံဇာတပစ္စည်းထုတ်ကုန်တွေ၊ ဒါတွေကို မြန်မာနိုင်ငံမှာ ကုန်ချောအဖြစ် ထုတ်ပြီးတော့ တရုတ်နိုင်ငံကို တင်ပို့တာမျိုးပါ။ တရုတ်နိုင်ငံက ကြီးမားတဲ့ ဈေးကွက်ကြီးပါ။ ခင်ဗျားတို့နိုင်ငံက လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်လောက်ရှိတယ်၊ ကျွန်တော်တို့အတွက် ကြီးမားတဲ့ ဈေးကွက်ကြီးတစ်ခုဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က အသုံးချဖို့လိုတယ်။

ရောင်းတယ်ဆိုတာလည်း သုံးတဲ့သူက အသုံးလိုဖို့ လိုအပ်ပါတယ်။ အသုံးလိုတဲ့ပစ္စည်းကို ကျွန်တော်တို့က ထုတ်ပေးနိုင်ဖို့လိုတယ်၊ ခင်ဗျားတို့ လိုအပ်တာကို ကျွန်တော်တို့က ထုတ်ပြီး ရောင်းနိုင်ရမယ်၊ ဒါကို ကျွန်တော်တို့က ရအောင်အကောင်အထည်ဖော်ရမှာပါ။ ကျွန်တော်အခုလာတဲ့ ခရီးစဉ်မှာ နှစ်ဖက်ကုန်သွယ်မှုမြှင့်တင်ဖို့၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံပြီး အလုပ်လုပ်ဖို့၊ ရင်းနှီးမြှုပ်နှံပြီး ထွက်လာတဲ့ပစ္စည်းကို တရုတ်နိုင်ငံကို ပြန်ရောင်းတာလည်း ဖြစ်ရင်ဖြစ်မယ်၊ တခြားနိုင်ငံကို ရောင်းတာလည်း ဖြစ်ရင်ဖြစ်မယ်၊ မြန်မာနိုင်ငံမှာ ရောင်းတာလည်း ဖြစ်ရင်ဖြစ်မယ်၊ ဒီလိုသွားရမှာပါ။

ဒီလိုလုပ်မယ်ဆိုရင် ဒီစီးပွားရေးစင်္ကြံက အလုပ်ဖြစ်ပါတယ်။ စီးပွားရေးစင်္ကြံက အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီလမ်းကြောင်းဟာ ချောမွေ့နေဖို့တော့ လိုတယ်၊ လုံခြုံချောမွေ့နေဖို့ လိုတယ်၊ လုံခြုံချောမွေ့နေအောင် ကျွန်တော်တို့ ဖန်တီးရမယ်၊ ရထားလမ်းတွေ၊ ကားလမ်းတွေ ကောင်းအောင် ကျွန်တော်တို့ လုပ်ပေးရမယ်၊ နှစ်နိုင်ငံကူးသန်းရောင်းဝယ်မှုတွေ၊ နယ်စပ်ဒေသ ကူးသန်းရောင်းဝယ်မှုတွေ အကုန်ကောင်းအောင် လုပ်ပေးရမယ်။ ဒီခေတ်က နည်းပညာခေတ်ဖြစ်တဲ့အတွက် နည်းပညာကို အသုံးချပြီးတော့မှ ကူးလူးဆက်ဆံမှုတွေ လုံလုံခြုံခြုံနဲ့ ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ပေးရမယ်။ သာမန်ဈေးရောင်း ဈေးဝယ်မျိုးတော့ လုပ်လို့မရဘူး။ ကဏ္ဍပေါင်းစုံကနေ လုပ်ရမယ့်ဟာတွေရှိပါတယ်။ တော်တော်လေးကျယ်ပြန့်ပါတယ်။ ဒါကို ကျွန်တော်တို့က ခိုင်ခိုင်မာမာဖြစ်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်းသူ။   ကျေးဇူးတင်ပါတယ်။ သမ္မတကြီးအနေနဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ကုန်သွယ်မှုနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို တိုးတက်အောင်ဆောင်ရွက်သွားမယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးကို မေးမြန်းလိုတာက တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုနက်ရှိုင်းစွာဆောင်ရွက်လာနိုင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရအနေနဲ့ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် သက်သာတဲ့ မူဝါဒတွေ၊ ထောက်ပံ့မယ့် မူဝါဒတွေနဲ့ မြန်မာ့ဈေးကွက်ကို သတိထားမိအောင် ဘယ်လိုမျိုး ဆောင်ရွက်ဖို့ရှိပါသလဲ။ နိုင်ငံတကာဈေးကွက်နဲ့ အာဆီယံဈေးကွက်မှာ ဝင်ဆံ့မှုအတိုင်းအတာတို့နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမူဝါဒတွေ စဉ်းစားထားတာရှိပါသလဲ။

နိုင်ငံတော်သမ္မတ။     မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပါတယ်။ ကုန်သွယ်ဖက်မှာလည်း ကျွန်တော်တို့အတွက် အကြီးဆုံးနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုမှာလည်း တရုတ်နိုင်ငံက အများဆုံးနိုင်ငံပါ။ ဒါကို ဆက်လက်ပြီးတိုးချဲ့ဖို့ ရည်ရွယ်တာပါ။ ခင်ဗျားတို့နိုင်ငံမှာ ကြီးမားတဲ့ ဈေးကွက်ကြီးရှိသလိုပဲ ကျွန်တော်တို့ နောက်မှာလည်း လူဦးရေသန်းပေါင်း ၁၄၀၀ ကျော်ရှိတဲ့ ကမ္ဘာမှာ လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံရှိတယ်။ ပြီးတော့ လူဦးရေသန်းပေါင်း ၁၆၀ လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတယ်။ လူဦးရေ သန်းပေါင်း ၇၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံရှိတယ်၊ ခုနကပြောတဲ့ အာဆီယံနိုင်ငံတွေ တစ်ဆက်တည်းပါ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အရှေ့ဘက်သွားရင် ကမ္ဘောဒီးယား၊ လာအိုတို့ ရှိပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လာလုပ်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ဥပဒေရှိတယ်၊ နိုင်ငံတကာမှာတော့ ဒေါ်လာငွေကြေး သုံးကြတယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအတွက် ယွမ်ငွေကိုလည်း ဥပဒေအရ ပေးထားတယ်၊ လာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေ ဗီဇာနဲ့ပတ်သက်ပြီး ကန့်သတ်ချက် လုပ်မထားဘူး၊ အကုန်ဆောင်ရွက်ပေးတယ်၊ One Stop Service တွေ လုပ်ပေးထားတယ်။ အခက်အခဲတွေမဖြစ်အောင်ပါ။ ဥပဒေအရလည်း အကာအကွယ်အကုန်ပေးထားပါတယ်။ ဒါကို နှစ်နိုင်ငံ သဘောတူပြီးသားရှိတယ်။

ကျွန်တော်တို့နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ထွက်လာတဲ့ထုတ်ကုန်ပစ္စည်းတွေကို အနောက်ဘက်ကို သွားမလား၊ အာဆီယံဈေးကွက်ကို သွားမလား၊ ဒီလိုသွားလို့ရတယ်။ အနောက်ဘက်ဆို အိန္ဒိယရှိတယ်၊ ဘင်္ဂလားဒေ့ရှ်ရှိတယ်၊ ပြီးတော့ ပင်လယ်ရေကြောင်းကနေ သွားလို့ရတဲ့ လမ်းကြောင်းတွေလည်းအများကြီးရှိတယ်၊ ဒါကို ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်၊ ဥပဒေအရလည်း အကာအကွယ်ပေးထားတယ်။ သို့သော်လည်း သီးခြားတော့ အကာအကွယ်ပေးလို့မရဘူး။ ဥပဒေဆိုတာ အဖွဲ့အစည်းတစ်ခုကို သီးခြားကာကွယ်ပေးလို့ မရပါဘူး။ အကုန်လုံးနဲ့ တူညီတဲ့အခွင့်အရေးပေးရမယ်။ နိုင်ငံပေါင်းများစွာ ဆက်ဆံရတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ လုပ်မယ်ဆိုရင် အောင်မြင်မှုရလိမ့်မယ်၊ တရုတ်နိုင်ငံအတွက်လည်း အထောက်အကူရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ခုနက တစ်ချက်ကျန်ခဲ့တာက နယ်စပ်မှာ ကုန်သွယ်မှုအတွက် ပေးချေတဲ့အခါ ယွမ်ငွေနဲ့ ကျပ်ငွေ ပေးချေခွင့်ပေးထားပါတယ်။ တရုတ်ကုန်သည်တွေက မြန်မာနိုင်ငံက ပစ္စည်းဝယ်မယ်ဆို ယွမ်နဲ့ ပေး၊ ဘဏ်ချင်းလည်း သဘောတူပြီးသား ရှိတယ်၊ ခွင့်ပြုထားပါတယ်။ ကျွန်တော့်လက်ထက်မှာစပြီး ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်းသူ။    ဟုတ်ကဲ့ပါ။ ဒါက ကျွန်မစိတ်ဝင်စားတဲ့ နယ်ပယ်လည်းဖြစ်ပါတယ်။ ဒီလို ယွမ်ငွေနဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံခွင့် ပေးလိုက်တာကိုလည်း ကျွန်မတို့အနေနဲ့ စိတ်ဝင်စားမှုရှိပါတယ်။ ဒီအပေါ်မှာ သမ္မတကြီးအနေနဲ့ ယွမ်ငွေနဲ့ ရင်းနှီးမြှုပ်နှံတဲ့အတွက် မြန်မာနိုင်ငံရဲ့ GDP ဘယ်လောက်တိုးတက်လာနိုင်တယ်လို့ သုံးသပ်ထင်မြင်ပါသလဲရှင့်။

နိုင်ငံတော်သမ္မတ။     GDP ဆိုတာကတော့ အခြေအနေ သုံးရပ်အပေါ် မူတည်ပါတယ်။ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနဲ့ ဝန်ဆောင်မှုကဏ္ဍကြီးအပေါ်မှာ မူတည်ပြီး တက်လာတာပါ။ သို့သော် တစ်ခုလုပ်လိုက်တာနဲ့ ဆင့်ကဲဆင့်ကဲပါလာတဲ့ အကျိုးဆက်တွေရှိတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ GDP ကနည်းပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်နယ်အဆင့်ဆိုရင်တောင် ကျွန်တော်တို့နိုင်ငံထက် များပါတယ်။ ကျွန်တော်တို့က ဒီထက်ပိုပြီး တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုကနေ လုပ်တာရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း Produ-ction ကို တိုးချဲ့မှရမယ်။ အဲဒီလိုတိုးချဲ့မှ GDP က တက်လာပါမယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့အတွက်ကြောင့် ကဏ္ဍပေါင်းစုံက ထုတ်လုပ်မှုတွေ များလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်။ အဲဒါနဲ့ ဆက်စပ်ပြီး နောက်ဆုံးဝန်ဆောင်မှုမှာ တက်လာမယ်။ ဒါက ထပ်ဆင့်တက်လာမယ့်ကိစ္စ ဖြစ်တဲ့အတွက် မှန်းရခက်ပါတယ်။ နှစ်ဆလောက်တော့ တက်လိမ့်မယ်လို့ ထင်ပါတယ်။ တရုတ်နိုင်ငံနဲ့ လက်ရှိရင်းနှီးမြှုပ်နှံမှု တိုးချဲ့ခြင်းကနေဖြစ်လာမယ့် အကျိုးဆက်က GDP နှစ်ဆလောက် တက်လာမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ လုပ်နိုင်ဖို့ပဲလိုတာပါ။ လုပ်နိုင်ဖို့ကိုလည်း ပူးပေါင်းဆောင်ရွက်လုပ်ရပါမယ်။ ဒါကြောင့် ဒီဟာကို ကျွန်တော် အင်မတန်အားထည့်ပြီး ဆောင်ရွက်နေတာပါ။

တွေ့ဆုံမေးမြန်းသူ။    ကျေးဇူးတင်ပါတယ် သမ္မတကြီးရှင့်။ ကျွန်မ သတင်းစဉ်တွေမှာ တွေ့ရတဲ့အတိုင်းဆိုရင် သမ္မတကြီးအနေနဲ့ တရုတ်နိုင်ငံကို လာရောက်တဲ့အချိန်မှာ တရုတ်နိုင်ငံက စက်ရုံ အလုပ်ရုံ နယ်ပယ်ပေါင်းစုံကို သွားခဲ့ပါတယ်။ ဥပမာပြောရရင် အာကာသနဲ့ ပတ်သက်တဲ့ ပြခန်းတွေ၊ စက်ရုံ အလုပ်ရုံတွေကို သွားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ နည်းပညာကိုမူတည်ပြီး မြန်မာနိုင်ငံရဲ့ ဘယ်နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု  မြှင့်တင်လိုတယ်၊ မြှင့်တင်ဖို့ ဆန္ဒရှိတယ်ဆိုတာ ကျွန်မအနေနဲ့ သိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတ။     တရုတ်နိုင်ငံရဲ့ နည်းပညာမြင့်မားမှု နယ်ပယ်က အတော်လေးကို ကျယ်ပြန့်ပါတယ်။ အိုင်တီနဲ့ အာကာသ၊ စက်မှုလုပ်ငန်းရှိတယ်၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တာ၊ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တာ စတဲ့ကဏ္ဍတွေ ပေါင်းစုံရှိပါတယ်။ ပူးပေါင်းဆောင်ရွက်မှု လုပ်မယ်ဆို ကဏ္ဍပေါင်းစုံကို ပူးပေါင်းဆောင်ရွက်ရမယ့် သဘောရှိပါတယ်။ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေရှိအောင်လည်း ကျွန်တော်တို့ဘက်ကလည်း ကြိုးစားရမှာပါ။ တရုတ်နိုင်ငံရဲ့ နည်းပညာမြင့်မားမှုကို ကျွန်တော်တို့အနေနဲ့ လိုက်လုပ်နိုင်ဖို့ လိုပါတယ်။ တရုတ်နိုင်ငံရဲ့ နည်းပညာမြင့်မားမှုကလည်း အတော်လေးကို မြန်ပါတယ်။ နည်းပညာတွေက အချိန်နဲ့တစ်ပြေးညီ ခဏခဏပြောင်းလဲနေတာပါ။

ဥပမာ ကျွန်တော်ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ရောက်ခဲ့တဲ့အချိန်မှာ တချို့လုပ်ငန်းတွေ ကြည့်ခဲ့တယ်၊ ၂၀၂၅ ခုနှစ် ရောက်ခဲ့တဲ့အချိန်မှာ တချို့လုပ်ငန်းတွေ ကြည့်ခဲ့တယ်၊ ၂၀၂၆ ခုနှစ် ရောက်ခဲ့တဲ့ အချိန်မှာလည်း တချို့လုပ်ငန်းတွေ ကြည့်တယ်၊ ၂၀၂၄ ခုနှစ် အခြေအနေ၊ ၂၀၂၅ ခုနှစ် အခြေအနေတွေက ပြောင်းလဲသွားပြီ၊ ဒါပေမယ့် ကျွန်တော်တို့က ၂၀၂၄ ခုနှစ်ရဲ့ အခြေအနေရောက်အောင်တောင် အတော်လေးလုပ်ရမယ့် အခြေအနေမှာရှိပါတယ်။ ကျွန်တော်တို့ လူတွေကလည်း ပြင်ဆင်မှုလိုအပ်ပါတယ်။ ပြင်ဆင်မှုအတွက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုပါတယ်။ နည်းပညာကတော့ ကဏ္ဍပေါင်းစုံကနေ လုပ်ဖို့ရှိပါတယ်။ ကျယ်လည်း ကျယ်ဝန်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ကျွန်တော်တို့ မျှော်မှန်းပြီး လုပ်ဆောင်ဖို့ရှိပါတယ်။

တွေ့ဆုံမေးမြန်းသူ။    ကျေးဇူးတင်ပါတယ်။ သမ္မတကြီးအနေနဲ့ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းကို လုံခြုံပြီး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ရမယ်လို့ ခုနကပြောခဲ့ပါတယ်။ အဲဒါမှ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မယ်လို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သမ္မတကြီးကို မေးမြန်းလိုတာကတော့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် နယ်စပ်ဒေသစီမံခန့်ခွဲမှုဆိုင်ရာမှာ ဘယ်လို မူဝါဒတွေရှိတယ်၊ ပြီးတော့ မြန်မာနိုင်ငံ နယ်စပ်ဒေသမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ တရုတ်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအာမခံချက်မျိုး စီမံဆောင်ရွက်ဖို့ရှိပါသလဲ။

နိုင်ငံတော်သမ္မတ။     ပွင့်ပွင့်လင်းလင်းပြောရရင် လောလောဆယ် အနေအထားမှာ နယ်စပ်ဒေသလုံခြုံအေးချမ်းရေးက အားနည်းပါတယ်။ ဒါက ကျွန်တော်တို့ နှစ်ဖက်အစိုးရတွေ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။ နယ်စပ်ဒေသစီမံခန့်ခွဲမှုက အစိုးရနဲ့ပဲဆိုင်ပါတယ်။ အစိုးရကပဲ လုပ်လို့ရတယ်။ တခြားအဖွဲ့အစည်းက ဝင်လုပ်လို့မရပါဘူး။ နယ်စပ်ဒေသ စီမံခန့်ခွဲရေးသာမက နယ်စပ်ဒေသကုန်သွယ်ရေးကိစ္စ၊ နှစ်နိုင်ငံ Cross Border Trade နဲ့ပတ်သက်ပြီး အစိုးရကပဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က ရအောင်ဖန်တီးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးစားရမှာဖြစ်ပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုလုံခြုံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အများကြီးလုပ်ပေးနေပါတယ်။ အခက်အခဲရှိခဲ့တာတော့ အမှန်ပါ။ အတော်လေး ကျော်လွှားခဲ့ရပါတယ်။ အခုအချိန်မှာ အခြေအနေတော်တော်လေးကောင်းပါတယ်။ နိုင်ငံရေးကလည်း ပြောင်းလဲမှုတွေ လုပ်ထားပါတယ်။ တချို့ကိစ္စတွေက နိုင်ငံရေးကြောင့် ဖြစ်လာတဲ့ ပြဿနာတွေဖြစ်ပါတယ်။ တချို့ကိစ္စကျတော့ တိုင်းရင်းသားရေးကြောင့် ဖြစ်လာတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ဒါတွေကို ဥပဒေနဲ့အညီ လွှတ်တော်မှာ ဖြေရှင်းရပါတယ်။ လိုအပ်တဲ့ လုံခြုံရေးအကာအကွယ်တွေကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ပေးပါတယ်။ တစ်ယောက်ချင်းတော့ မပေးနိုင်ပေမယ့် ဌာနနဲ့ပတ်သက်တဲ့၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ လုံခြုံရေးကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆောင်ရွက်ပေးပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်လည်း အရေးယူပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာထဲမှာ နယ်စပ်ဒေသမှာ အွန်လိုင်းလောင်းကစားမှု ပြဿနာတွေရှိတယ်။ ဒါတွေကို နှိမ်နင်းနေတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး နှိမ်နင်းနေတာတွေလည်း ရှိပါတယ်။ ကျူးလွန်သူတွေကိုလည်း တရုတ်နိုင်ငံကို အကုန်လွှဲပြောင်းပေးလိုက်ပါပြီ။ ဥပဒေကိုချိုးဖောက်ပြီး လာရောက်လုပ်ကိုင်မယ့် လုပ်ငန်းတွေ မလာရဲအောင် လုပ်ရမယ်။ မလုပ်နိုင်အောင်လည်း လုပ်ရမယ်။ နှစ်ဖက်လုပ်မှ ရမယ်၊ တစ်ဖက်တည်းကတော့ လုပ်လို့မရဘူး။ ဒါကတော့ နယ်စပ်ဒေသ Cross Border နဲ့ ပတ်သက်တာပါ။ ပြည်တွင်းလုံခြုံရေးကျတော့ ကျွန်တော်တို့နဲ့ ဆိုင်ပါတယ်။ လုပ်ပေးပါတယ်၊ အဲဒီအပြင် တရုတ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး နှစ်ဖက်ပူးပေါင်းပြီး လုပ်ဆောင်တဲ့အဖွဲ့အစည်းကိုလည်း ခွင့်ပြုပေးထားပါတယ်။ ဒီလိုမျိူးရင်းနှီးမြှုပ်နှံမှုနဲ့ လူပုဂ္ဂိုလ်လုံခြုံရေးတွေ လုပ်ပေးထားတယ်ဆိုတာလည်း ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ။    ဟုတ်ကဲ့၊ သမ္မတကြီးကို အခုလိုမေးမြန်းခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ ကျွန်မတို့ ယုံကြည်ပါတယ်ရှင့်။

နိုင်ငံတော်သမ္မတ။     ကောင်းပါပြီ။