Skip to main content

သွားလမ်းသာ၍ လာလမ်းဖြောင့်စေမည်

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးအရ အရေးပါသည့် ခါမ်းပါတ်မြို့ကို ဇွန် ၂၀ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ် သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ခါမ်းပါတ်မြို့သည် ကလေး-တမူး လမ်းကြောင်းပေါ်တွင်တည်ရှိပြီး PDF အမည်ခံ အကြမ်းဖက်သမားများက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ယာယီစိုးမိုး၍ ဒေသခံတိုင်းရင်းသားပြည်သူများအား လူသားတံတိုင်း ပြုလုပ်ကာမြို့ကို စစ်စခန်းသဖွယ် အသွင်ပြောင်း၍ အခိုင်အမာ ခံစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အများအပြားပေါ်ပေါက်လာခဲ့ပြီး ဒေသအများအပြားတွင် ဆူပူသောင်းကျန်းခဲ့ကြသည်။ အချို့အဖွဲ့များမှာလည်း ယခင်ကတည်းက ရှိနေသည့် EAO များနှင့် ပေါင်းမိခဲ့ကြပြီး နယ်မြေဒေသ မြို့ရွာအချို့နှင့် ဆက်သွယ်ရေး လမ်းကြောင်းအချို့ကို ယာယီအားဖြင့် ထိန်းချုပ်နိုင်ခဲ့ကြသည်။ EAO အများစုတို့မှာ နယ်စပ်ဒေသများတွင် လှုပ်ရှားနေကြခြင်းဖြစ် သည့်အလျောက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှာလည်း ၎င်းတို့ စိုးမိုးထားစဉ်ကာလအတွင်း ပြတ်တောက်သွားခဲ့ရပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလည်း ရပ်ဆိုင်းသွားခဲ့ရသည်။

နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းသွားခြင်းမှာ အဓိကအားဖြင့် အဆိုပါလုပ်ငန်းကြီးများတွင် ပါဝင်လုပ်ကိုင်စီးပွားရှာနေကြသည့် လုပ်ငန်းရှင်များနှင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ပြည်သူများကို ထိခိုက်စေသည်။ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း အမှီပြုကာ ဝမ်းစာရှာမှီးနေကြရသည့် အောက်ခြေပြည်သူများ ထိခိုက်နစ်နာကြရခြင်းဖြစ်သည်။ ထိုမျှမကသေး အကြမ်းဖက်သောင်းကျန်းသူများ မြို့ရွာများသို့ ဝင်ရောက်စိုးမိုးကြသည့်အခါ မြို့ကြေ၊ ရွာကြေ နစ်နာဆုံးရှုံးကြရသေးသည်။

ရပ်ကွက်ကျေးရွာများအတွင်းရှိ ပြည်သူတို့၏ နေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများအတွင်း သဲအိတ်များစီ၍ ဘန်ကာများပြုလုပ်ကြသည်။ မြို့ထဲ၊ ရွာထဲတွင် မိုင်းများထောင်ကြသည်။ ခြံဝင်းများထဲတွင် ပစ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများ တူးကြသည်။ ယင်းသို့ဖြင့် မြို့ရွာ ရပ်ကွက် လူနေအိမ်များ၊ အဆောက်အအုံများမှာ ခံစစ်ဆင်ကြသည့် အခိုင်အမာ စစ်စခန်းများ ဖြစ်လာသည်။ ပြည်သူများ ဆက်သွယ်သွားလာကြသည့် လမ်းကြောင်းများတွင်မူလမ်းကို ဖျက်ဆီး၍ ဖြတ်တောက်ပိတ်ဆို့ခြင်း၊ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ လမ်းကြောင်းတစ်လျှောက်သွားလာသည့် ကုန်တင် ယာဉ်များ၊ ခရီးသွားယာဉ်များကို ဆက်ကြေးများကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ် ခြင်း၊ မော်တော်ယာဉ်ကို မီးရှို့ခြင်း၊ ကုန်ပစ္စည်းများ လုယက်ယူဆောင်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်တို့ကို ပြုလုပ်ခဲ့ကြသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး-တမူးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်က နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက်တွင် ယင်းလမ်းကြောင်းပေါ်ရှိ ရန်မျိုးအောင်ကျေးရွာ၊ ဇွန် ၁၆ ရက်တွင် စော်ဘွားရေရှင်ကျေးရွာ၊ ဇွန် ၁၇ ရက်တွင် ကျွန်းတောရေရှင်ကျေးရွာတို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီး ဇွန် ၁၉ ရက်တွင် ခွန်နိုင်းကျေးရွာနှင့် နန်းခေါက်ခေါက် ကျေးရွာ၊ ဇွန် ၂၀ ရက်တွင် နန်းကတိတ်ကျေးရွာနှင့် ခါမ်းပါတ်မြို့တို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော မြန်မာ- အိန္ဒိယ ချစ်ကြည်ရေးလမ်းပိုင်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကလေးဝ - ယာကြီး- မုံရွာ လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ရာ ယင်းမာပင်နှင့် ပုလဲဒေသတို့ကို ဦးစွာ နယ်မြေတည်ငြိမ်အေးချမ်း ရေး ဆောင်ရွက်ပြီး နယ်မြေလုံခြုံရေး အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ဇွန် ၁၈ ရက်တွင် လာပို့ကျေးရွာအထိ ရောက်ရှိပြီး သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနည်းတူပင် မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း စသည့်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများသည်လည်း အချိန်အခါ ကျရောက်လာလျှင် ရှေးယခင်နည်းတူ ပြန်လည်သက်ဝင်လှုပ်ရှား စည်ကားလာမည်သာ ဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားဆိုသည်မှာ အဖျက်လုပ်သူ သက်သက်သာလျှင်ဖြစ်ရာ ၎င်းတို့ဝင်ရောက်ရာ မြို့ရွာဟူသမျှ ၎င်းတို့ဖျက်ဆီးမှုကြောင့် ပျက်စီးကြမည်သာဖြစ်သည်။

ယခုအခါ မိမိတို့နိုင်ငံသည် ဒီမိုကရေစီနည်းကျ ပေါ်ပေါက်လာသော အစိုးရ၊ လွှတ်တော်တို့နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ပြောင်းလဲလာသည့် နိုင်ငံရေးလမ်းကြောင်းနှင့်အညီ လျှောက်လှမ်းကြမှသာ လက်တွေ့ကျမည်ဖြစ်ပြီး လက်နက်ကိုင် တစ်ယူသန်များ၊လက်နက်ဖြင့် လုပ်ကိုင်စားသောက် လိုသူများမှာမူအကျည်းတန်သည့် နိဂုံးဖြင့် ချုပ်ငြိမ်းကြမည့် အကြောင်း။ ။