မြန်မာနိုင်ငံသည် သစ်တောသစ်ပင်များ၊ မြစ်ချောင်းအင်းအိုင်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝအရင်းအမြစ်များပေါများကြွယ်ဝသော ဂေဟစနစ်ကောင်းမွန်သည့် နိုင်ငံဖြစ်သည်။ အဆိုပါဂေဟစနစ်များသည် နိုင်ငံ၏စားရေရိက္ခာထုတ်လုပ်နိုင်မှု၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ပြီး ရာသီဥတုသမမျှတမှုတို့အတွက် အခြေခံကောင်းများဖြစ်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ရေနှင့်မြေဆီလွှာထိန်းသိမ်းရေး စသည့်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိသည်။
မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် သစ်တောဖုံးလွှမ်းမှုဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ်တွင် ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ၂၀၂၀ ပြည်နှစ်နှင့်နှိုင်းယှဉ်ပါက သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း ဒသမ ၀၄ ရာခိုင်နှုန်း လျော့နည်းသွားသည်ကိုတွေ့ရသဖြင့် သစ်တောပြုန်းတီးမှု လုံးဝရပ်တန့်သွားစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းရောက်ရှိအောင် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအပါအဝင် ယနေ့ကမ္ဘာကြီးတွင် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲခြင်း၏ အဓိကအကြောင်းရင်းကိုကြည့်မည်ဆိုလျှင် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုများလာခြင်း၊ စွမ်းအင်နှင့်စက်မှုလုပ်ငန်းများ ထွန်းကားလာခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးတက်များပြားလာခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ လူဦးရေတိုးပွားလာမှုနှင့်အတူ သစ်တောများကိုအခြားမြေများအဖြစ် ပြောင်းလဲအသုံးပြုလာခြင်း စသည့်အကြောင်းများကြောင့် လေထုထဲတွင် မှန်လုံအိမ်ဓာတ်ငွေ့အမြောက်အမြား ပိုမိုထုတ်လွှတ်လာပြီး ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်လာကာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့လာရခြင်းဖြစ်သည်။ နိုင်ငံတကာ ရာသီဥတုပြောင်းလဲမှုလေ့လာစောင့်ကြည့်ရေးအဖွဲ့အချို့၏ ၂၀၂၆ ခုနှစ် ရာသီဥတု ဘေးဖြစ်နိုင်ခြေအညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ထိခိုက်ခံစားမှုအများဆုံး ၁၀ နိုင်ငံတွင် ပါဝင်နေသည်။
ပြီးခဲ့သည့်နွေရာသီက မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသများသည် ကမ္ဘာ့အပူချိန် အမြင့်မားဆုံးစာရင်းဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ယခုနှစ်ကုန်ပိုင်းတွင် အလွန်အားကောင်းသည့် စူပါအယ်လ်နီညိုအဆင့်အထိ ရောက်နိုင်သည်ဟုခန့်မှန်းထားရာ ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက်၌ အပူဆုံးနှစ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ် ပေါင်းစပ်သက်ရောက်လာမှုကို ကြုံတွေ့ရပါက မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍအသီးသီးအပေါ်တွင် ဆိုးကျိုးသက်ရောက်မှုရှိနိုင်သည့်အတွက် အဘက်ဘက်က ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုမည်ဖြစ်သည်။
ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်ရန် နည်းလမ်းအမျိုးမျိုးရှိသည့်အနက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် အလွယ်ကူဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံးနှင့် လူတိုင်းပါဝင်ဆောင်ရွက်နိုင်သော အလုပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ကဦးဆောင်၍ သစ်ပင်စိုက်ပျိုးခြင်းကို နှစ်စဉ်ပြုလုပ်လျက်ရှိသည်။ အပူပိုင်းဒေသ ၁၃ ခရိုင်တွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သစ်ပင်ပေါင်း သန်း ၆၀ ကျော် စိုက်ပျိုးခဲ့သည့်အတွက် ယေဘုယျအားဖြင့် ဧကနှစ်သိန်းကျော်နှင့်ညီမျှသည်ဟု သိရသည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သစ်ပင်မျိုးစုံ ၂၆၉ သန်း ရှစ်သိန်းကျော် စိုက်ပျိုးခဲ့သည့်အတွက် ယေဘုယျအားဖြင့် ဧကတစ်သန်းခန့်နှင့်ညီမျှသည်ဟု သိရသည်။ အကြောင်းအမျိုးမျိုးဖြင့် သစ်ပင်ခုတ်လှဲမှုရှိသော်လည်း တစ်ပင်စိုက်တစ်ပင်ရှင် စိုက်ပျိုးမည်ဆိုပါက သစ်တောသစ်ပင်ဆုံးရှုံးမှုကို အပြည့်အဝကာကွယ်ပေးနိုင်မည်ဖြစ်သည်။
၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇွန် ၁၃ ရက်တွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပလွေးကြိုးဝိုင်း၌ပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကိုယ်တိုင်တက်ရောက်ပြီး သစ်ပင်ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုတို့ကို ကြိုတင်ကာကွယ်ရာတွင် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်သည့် နိုင်ငံတစ်ဝန်းသစ်တောဖုံးလွှမ်းမှုတိုးပွား လာစေရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
