နေပြည်တော် ဇွန် ၁၂
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် တောင်သာဒေသတစ်ဝိုက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ မိုင်းခတ်ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်သားပြည်သူများက ဂုဏ်ပြုကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့် လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
