မြန်မာနိုင်ငံသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှ သမိုင်းတင်သည့် ခေတ်အဆက်ဆက်တိုင်အောင် သမိုင်းကြောင်းရှည်လျားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ သမိုင်းအမွေအနှစ် ရှေးဟောင်းဝတ္ထုပစ္စည်းများစွာ ကြွင်းကျန်ရစ်လျက်ရှိပြီး မကြာခဏဆိုသလိုလည်း တွေ့ရှိနေကြသည်။ ရှေးဟောင်းပစ္စည်းများသည် နိုင်ငံနှင့်လူမျိုး၏ အတိတ်ကာလနှင့် ယဉ်ကျေးမှုအဆင့်အတန်းတို့ကို ပြန်လည်ဖော်ညွှန်း ပြသနေသည့် သက်သေအထောက်အထားများပင်ဖြစ်သည်။
ဝတ္ထုပစ္စည်းတစ်ခုသည် နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိပြီး သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်းပြသနိုင်ခြင်း၊ အသုံးပြုမှု၊ လက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းတန်ဖိုးရှိမှုတို့ ပေါင်းစပ်နေခြင်းတို့ဖြင့် ၎င်းအား ရှေးဟောင်းဝတ္ထုပစ္စည်းအဖြစ် သတ်မှတ်သည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် ရှေးဟောင်းနေရာဒေသများနှင့် ဆက်စပ်ပြီး တည်ရှိနေခြင်းဖြစ်ရာ ကမ်းပါးပြိုခြင်း၊ ယာထွန်ခြင်း၊ ကျင်းတူးခြင်း၊ လမ်းပြင်ခြင်း စသည်အားဖြင့် ပြန်လည်ပေါ်ထွက်လာကြသည်။ ယင်းသို့တွေ့ရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းများ ဖြစ်သည်ကို မသိ၍ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ ငွေကြေးရလိုဇောဖြင့် ချက်ချင်းဆိုသလို ပြန်လည်ထုခွဲ ရောင်းချလေ့ရှိကြသည်။ စင်စစ် ယင်းကဲ့သို့ ထုခွဲရောင်းချလိုက်ခြင်းသည် ဥပဒေကို ချိုးဖောက်၍ ပြစ်မှုကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။
မိမိတို့နိုင်ငံရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများ အဓွန့်ရှည်တည်တံ့စေရန်၊ ပျက်စီးယိုယွင်းပျောက်ဆုံးခြင်းတို့မှ ကာကွယ်ရန်၊ ပြည်သူများအနေဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ၏ တန်ဖိုးမြင့်မားမှုကိုနားလည်၍ တာဝန်သိစိတ်ဖြင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ၂၀၁၅ ခုနှစ်တွင် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်ရာ ရှေးဟောင်းဝတ္ထုပစ္စည်းများကိုတွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းဖြင့် ဥပဒေကို လိုက်နာရာရောက်သကဲ့သို့ ထိုက်တန်သည့်ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်မှုတို့ကို ရရှိကြမည်ဖြစ်သည်။ ဆုကြေးဟုဆိုရာတွင် ဝတ္ထုပစ္စည်း၏ ကာလပေါက်စျေး၊ ခေတ်ကာလဆုကြေး၊ ခေတ်လက်ရာဆုကြေးတို့အပြင် အချို့ရှေးဟောင်းဝတ္ထုပစ္စည်းများဆိုလျှင် ရှားပါးလက်ရာ ထပ်ဆောင်းဆုကြေးကိုပါ ရရှိနိုင်ကြသည်။ ဆုကြေးထုတ်ပေးရာတွင်လည်း စတင်အပ်နှံချိန်မှ ရက်သတ္တနှစ်ပတ်မှ လေးပတ်အတွင်း ထုတ်ပေးခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံခြင်းအတွက် ဂုဏ်ပြုအခမ်းအနားကို အမျိုးသားပြတိုက်(နေပြည်တော်)၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံသူ နှစ်ဦးတို့က ကုန်းဘောင်ခေတ်သတ္တုစပ်ပြား ၃၂၈ ပြားနှင့် ပျူခေတ်ငွေဒင်္ဂါး ၃၃၃ ပြားတို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံခဲ့ကြသည်။ ယင်းသို့အပ်နှံရာတွင် ကုန်းဘောင်ခေတ်သတ္တုစပ်ပြား ၃၂၈ ပြားကို ဆုကြေးတွက်ချက်မှုအရ ကြေး ၂၅ ပိဿာအတွက် ကာလပေါက်ဈေး ကျပ် ၃၇၅၀၀၀၀၊ ခေတ်ကာလဆုကြေးအဖြစ် ကာလပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၁၈၇၅၀၀၀ စုစုပေါင်း ဆုကြေးကျပ် ၅၆၂၅၀၀၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ပျူခေတ် ငွေဒင်္ဂါး ၃၃၃ ပြားကို ဆုကြေးတွက်ချက်ရာတွင် ငွေဒင်္ဂါးပြားများ၏ စုစုပေါင်း အလေးချိန်အရ ကာလတန်ဖိုးကျပ် ၁၅၆၅၅၆၄၀၊ ခေတ်ကာလ ဆုကြေးအဖြစ် ကာလတန်ဖိုး၏ ၈ဝ ရာခိုင်နှုန်းဖြစ်သော ကျပ် ၁၂၅၂ ၄၅၁၂ ၊ ခေတ်လက်ရာ ဆုကြေးအဖြစ် ကာလတန်ဖိုး၏ ၈ဝ ရာခိုင်နှုန်းဖြစ်သော ကျပ် ၁၂၅၂၄၅၁၂ ၊ ရှားပါးလက်ရာ ထပ်ဆောင်းဆုကြေးအဖြစ် ကာလတန်ဖိုး၏ ၅ဝ ရာခိုင်နှုန်းဖြစ်သော ကျပ် ၇၈၂၇၈၂၀၊ စုစုပေါင်း ဆုကြေးငွေကျပ် ၄၈၅၃၂၄၈၄ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ချီးမြှင့်ခဲ့သည်ကို တွေ့ရသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများကို တရားမဝင်မှောင်ခိုဝယ်ယူကြသူများရှိရာ ယင်းကဲ့သို့ အရောင်းအဝယ်ပြုလုပ်ကြခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်အလျောက် အရေးယူအပြစ်ပေးခံကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ ရှေးဟောင်းဝတ္ထုပစ္စည်း တရားမဝင်ရောင်းဝယ်မှုများကို ဝိုင်းဝန်းတားဆီးကာကွယ်ကြရန်လိုသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို အကြောင်းအမျိုးမျိုးဖြင့် တွေ့ရှိကြသူများသည် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ တာဝန်သိစွာလာရောက်အပ်နှံပါက လွှဲပြောင်းအပ်နှံသူကို အကျိုးခံစားခွင့်ရှိသူအဖြစ်သတ်မှတ်၍ အထက်ပါအတိုင်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်နေခြင်းဖြစ်ရာ မိမိတို့နိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဝတ္ထုပစ္စည်းများ၏ တန်ဖိုးကြီးမားမှုကို နားလည်သိရှိပြီး ကာကွယ်ထိန်းသိမ်းရာတွင် နိုင်ငံသားတာ၀န် ကျေပွန်စွာ ပါဝင်ကြရပါမည့်အကြောင်း။ ။
