ပုဂံ ဇွန် ၆
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI) အဖွဲ့မှ ပညာရှင်များ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေသည့် မီးငြိမ်းကုန်းဂူဘုရား၊ မဟာဗောဓိဂူဘုရားနှင့် နတ်လျောင်းကျောင်းကိုလည်းကောင်း၊ နိုင်ငံပိုင်ပုဂံသံတဲဟိုတယ်နှင့် တရုတ်-မြန်မာချစ်ကြည်ရေး ပြန်လည်ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းဆောင်ရွက်နေသည့် သဗ္ဗညုဂူဘုရားကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ငကျွဲနားဋောင်းဘုရား အုတ်မြစ်တူးဖော် သုတေသနလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပြုလုပ်ငန်းများကို စနစ်တကျ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
