Skip to main content

ရာသီဥတုပြောင်းလဲမှုလျှော့ချရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

ကမ္ဘာကြီးပူနွေးလာမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများအပါအဝင် အမျိုးမျိုးသောအကြောင်းများကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိရာ ယခု ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ အပူချိန်မြင့်မားမှုများကို တစ်မူထူးကဲစွာ ကြုံတွေ့နေရသည်။ လက်ရှိတွင် နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနေပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ယခုအခါ အယ်လ်နီညို အစပြုသည့်အခြေအနေများ ကြုံတွေ့ခံစားနေရပြီး နှစ်ကုန်ပိုင်းတွင် ယခုအခြေအနေထက် ပိုမိုလွန်ကဲလာမည်ဖြစ်သောကြောင့် အပူချိန်မြင့်မားလာမှုကို ကြိုတင်စီမံဆောင်ရွက်ထားရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ယခုအနောက်တောင်မုတ်သုံလေဝင်ရောက်လာသည့် မိုးတွင်းကာလတွင် မိုးသည်းထန်စွာရွာသွန်းပြီး အပူချိန်သက်သာမှုများ ဖြစ်ပေါ်လာရမည်ဖြစ်သော်လည်း မိုးတစ်ဖြိုက်၊ နေတစ်ဖြိုက်ဖြစ်ပေါ်ပြီး အပူရှိန်ပြင်းထန်နေဆဲဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်နှင့်မုတ်သုံဖြစ်စဉ်များ ဒွန်တွဲဖြစ်ပေါ်နေပြီး သဘာဝဖြစ်စဉ်နှစ်မျိုး အားပြိုင်နေသည်ကို တွေ့ရမည်။ မိုးရာသီကာလတွင် စိုစွတ်မှုနှင့် ပူပြင်းမှုတို့ကို တစ်ပြိုင်တည်းခံစားကြရမည်ဖြစ်ပြီး ယခုနှစ်နှောင်းပိုင်း မိုးအကုန်ဆောင်းအကူးကာလတွင် ပြည်သူများအနေဖြင့် ရာသီဥတုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။ နှစ်ကုန်ပိုင်းတွင် အယ်လ်နီညိုဖြစ်စဉ် အားကောင်းလာမှုကြောင့် အပူရှိန်ပြင်းထန်မှုကို မိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအတိုင်း ပြင်းပြင်းထန်ထန်ခံစားရလာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

ပြင်းထန်သောအပူလှိုင်းသက်ရောက်မှုအဖြစ် ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့တွင် အရှေ့အလယ်ပိုင်းဒေသ ဘာရိန်းနိုင်ငံ၌ အပူချိန် ၄၇ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် နိုင်ငံ၏အမြင့်ဆုံးအပူချိန်မှတ်တမ်းဝင်ခဲ့သည်။ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့မှတ်တမ်းဝင် အမြင့်ဆုံးအပူချိန်ကို ပါကစ္စတန်နိုင်ငံ ဂျာကိုဘာဘတ်မြို့၌ ၄၉ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စ် (၁၂၁ ဒီဂရီဖာရင်ဟိုက်)ဖြင့် စံချိန်တင်ခဲ့သည်။ ဧပြီလလယ်မှ မေလအတွင်း အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် အပူချိန်အလွန်မြင့်မားခဲ့သည်။ အိန္ဒိယနိုင်ငံရှိ မြို့များစွာတို့တွင် နေ့စဉ်အမြင့်ဆုံးအပူချိန် ၄၆ ဒီဂရီဆဲလ်စီးယပ်စ် အထက်တွင်ရှိခဲ့ပြီး အပူလျှပ်ခြင်း၊ အပူလွန်ကဲခြင်းတို့ကြောင့် သေဆုံးသူ ၃၇ ဦးရှိကာ ပါကစ္စတန်နိုင်ငံတွင် ၁၀ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ဥရောပအနောက်ပိုင်း ဒေသများတွင်လည်း မေလ၌ အမြင့်ဆုံးအပူချိန်ဖြစ်ပေါ်ခဲ့ရာ ပြင်သစ်နိုင်ငံတွင် အပူဒဏ်ကြောင့် သေဆုံးသူ ခုနစ်ဦးအထိ ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုနွေရာသီကာလများတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထက်တွင်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် နွေရာသီကာလက အမြင့်ဆုံးအပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် စံချိန်သစ်တင်ခဲ့သော ချောက်မြို့သည် ယခုနှစ် ဧပြီလတွင် အပူချိန် ၄၄ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လပထမပတ်အထိ အပူဒဏ်အန္တရာယ်ကြောင့် သေဆုံးသူ သုံးဦးရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရသူ ၇၄ ဦးရှိကြောင်း သိရသည်။ နွေရာသီကာလက အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်တတ်သည့် ထိခိုက်ခံစားမှုများကို လျော့နည်းသက်သာစေရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မြို့များ၌ ၂၀၂၆ ခုနှစ် မတ်လမှစတင်၍ အရိပ်ရအေးမြသည့်နေရာများ၊ လေဝင် လေထွက်ကောင်းမွန်သည့် နေရာများတွင် အပူရှောင်စခန်းများဖွင့်လှစ်ပေးပြီး လာရောက်နားခိုသူပြည်သူများအား လိုအပ်သည်များကို ကူညီစောင့်ရှောက်မှုများပေးခဲ့သည်။

နိုင်ငံတော်အနေဖြင့် အပူဒဏ်အန္တရာယ်ဆိုင်ရာ ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး လာမည့်ကာလများတွင် မိုးလေဝသဌာနများက အသိပေးထားသည့်အတိုင်း ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများအလိုက် မပြတ်စီမံဆောင်ရွက်လျက်ရှိသည်။ ရေရှည်အစီအမံများအနေဖြင့် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများလျှော့ချနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အစားထိုးအသုံးပြုနိုင်ရေး၊ သစ်တောသစ်ပင်များ တိုးချဲ့စိုက်ပျိုးရေး၊ ရာသီဥတုနှင့် သဟဇာတဖြစ်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ကမ္ဘာကြီးပူနွေးမှုကိုအားပေးသည့် အအေးပေးဒြပ်ပစ္စည်း အသုံးပြုမှုလျှော့ချရေးနှင့် ပိတ်ပင်တားမြစ်ရေး စသည့်ကဏ္ဍအသီးသီးတို့တွင် နိုင်ငံတကာနှင့်အတူ တက်တက်ကြွကြွ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း။ ။