နေပြည်တော် ဧပြီ ၂၇
နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအဆင့်အတန်းများ မြင့်မားလာစေရေးနှင့် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာစေရေးတို့အတွက် ရည်ရွယ်၍ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၏ ကျောက်စိမ်းခန်းမ၌ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးလှဆွေ၊ ဦးဝင်းဌေး၊ ဦးခင်မောင်ဌေး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) ဥက္ကဋ္ဌနှင့် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များ၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာရေးအတွက် မြန်မာနိုင်ငံအား ကမ္ဘာကသိရှိသော ခရီးစဉ်ဒေသကြီးတစ်ခုဖြစ်စေရန် ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ခရီးသွားဈေးကွက်ဝင် နိုင်ငံများအပြင် ကျယ်ကျယ်ပြန့်ပြန့်မြှင့်တင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ကြီးဌာနအား ယဉ်ကျေးမှုကိုအခြေခံပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ဆောင်ရွက်သွားနိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းပေးခဲ့သည့်အတွက် ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ နေပြည်တော်တွင် ဘုရားဖူးခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းကဲ့သို့သော မတူကွဲပြားသည့် ခရီးသွားလုပ်ငန်းအမျိုးအစားများကို ဖော်ဆောင်ပြီး ခရီးသွားများကို ဆွဲဆောင်နိုင်ရေး ကြိုးစားကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အချက်အချာကျသော မြို့ကြီးဖြစ်သကဲ့သို့ သွားလာရေးလွယ်ကူမှုရှိသည့် ခရီးစဉ်ဒေသကြီးဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းအမျိုးအစားများ ဖော်ဆောင်ရန် အားသာချက်များစွာရှိကြောင်း၊ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသကြီးများ၏ ပကတိအခြေအနေမှန်များကို ကမ္ဘာကသိအောင် အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း။
ဟိုတယ်များအနေဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ အဆင့်အတန်းမီ ဝန်ဆောင်မှုများပေးနိုင်ရေး၊ သန့်ရှင်းသာယာလှပရေး၊ အစိမ်းရောင်ဟိုတယ်များဖြစ်စေရန်နှင့် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်နိုင်အောင် အစဉ်တစိုက် ကြိုးစားကြရန်လိုအပ်ကြောင်း၊ ခရီးသွားကုမ္ပဏီများအနေဖြင့် နေပြည်တော်ရှိ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီးစဉ်များတွင် ထည့်သွင်းရောင်းချသွားကြရန်နှင့် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသူများက မိမိတို့သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် လုပ်ငန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
