နေပြည်တော် ဧပြီ ၂၅
နိုင်ငံတော်တည်ငြိမ်ရေးနှင့်နယ်မြေအေးချမ်းသာယာရေးတို့အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေး တာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတွမ်းမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များ၊ အောင်ပန်းကုံးများဖြင့်လည်းကောင်း၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်။ ထို့နောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
