Skip to main content

မိသားစုစိတ်ဓာတ်ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များအား ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်

နေပြည်တော် ဧပြီ ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ဘိုးဝဇီရခန်းမ၌ ပြုလုပ်သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့၏မူဝါဒများ၊ မိန့်ခွန်းများ၊ လမ်းညွှန်ချက်များကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီသိရှိအောင် ပြန်ကြားပေးရန်၊ အလားတူ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့၏ လုပ်ဆောင်မှုများကိုလည်း ပြည်သူများ သိရှိအောင် ပြန်ကြားပေးရန်၊ အစိုးရအဖွဲ့သစ်၏ ရက် (၁၀၀) အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ပြည်သူများသိရှိအောင် ထုတ်ပြန်ပေးရန်။

မိမိတို့ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များအား မိသားစုစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ကြရန်၊ ကျောင်းသားလူငယ်များအပါအဝင် ကျေးလက်နေလူငယ်လူရွယ်များ စာဖတ်ချင်လာအောင်၊ စာဖတ်ရှိန်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်သွားရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်ဖြင့် ရိုင်းပင်းကူညီ ဆောင်ရွက်သွားရန်၊ စက်ယန္တရားများ၊ ပစ္စည်းကိရိယာများကိုလည်း မပျက်မစီးအောင် မိမိတို့အတွေ့အကြုံပေါ်မူတည်ပြီး ကြိုတင်မြော်တွေး ကာကွယ်သွားကြရန်နှင့် နွေရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်သတိပြုဆောင်ရွက်သွားကြရန် မှာကြားသည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးရဲတင့်က ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ကြေးမုံသတင်းစာတိုက်နှင့် မြန်မာ့အလင်းသတင်းစာတိုက် စာတည်းခန်းများ၊ ပုံနှိပ်စက်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နေပြည်တော်ပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး နိုင်ငံတော်အဆင့်ပုံနှိပ်စာအုပ်များ၊ အစိုးရဌာနများမှအပ်နှံသော ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ ခင်းကျင်းပြသထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ စာပြင်ဌာန၊ CTP ဌာန၊ ပလိတ်ကူးခန်း၊ ပုံနှိပ်စက်ခန်းများအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

သတင်းစဉ်