ယနေ့သည် မြန်မာတို့၏ ၁၃၈၇ ခုနှစ်ဟု ဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၁၃၈၈ ခုနှစ်ဟု ဆိုအပ်သော မြန်မာနှစ်သစ်ကာလ ချိန်ခါသမယသို့ စတင်ရောက်ရှိသည့် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံသော နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့သည် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟူသော သဗ္ဗညုတ ဉာဏသခင် မြတ်စွာဘုရားရှင်တို့၏ ဩဝါဒဓမ္မဒေသနာတော်နှင့်အညီ မကောင်းသောအကျိုးကိုပေးတတ်သော အကုသိုလ်၊ ဒုစရိုက်တရားများကို ရှောင်ကြဉ်ကြလျက် ကောင်းသောအကျိုးကိုပေးတတ်သော ဒါန၊ သီလ၊ ဘာဝနာ ဟုဆိုအပ်သော ကုသိုလ်တရားများကို ကြိုးစားမယုတ်၊ အားထုတ်ကြ၍ မိမိတို့၏ စိတ်အစဉ်ကို သတိ၊ ပညာတို့ဖြင့် ဖြူစင်အောင် ထိန်းသိမ်းစောင့်ရှောက်ကြပြီး ဘေးဥပါဒ်အန္တရာယ် ရန်စွယ်အပေါင်းမကောင်းဟူသမျှ ပြစ်ဒေါသတို့မှ ကင်းပကြလျက် ယခုမျက်မှောက်ဘဝ၌ မိမိတို့အလိုရှိအပ်၊ တောင့်တအပ်သော ကောင်းကျိုးချမ်းသာ အဖြာဖြာတို့နှင့် ပြည့်စုံကြစေရန်…
“လူ့ပြည်ဘဝ၊ လူ့လောက၌၊ ထကြွရေးရာ၊ လိမ္မာစွာနှင့်၊ ဖွေရှာရငြား၊ ဥစ္စာများကို၊ ပျက်ပြားမပျောက်၊ ယွင်းမထောက်အောင်၊ စောင့်ရှောက်နိုင်ထ၊ သီလ၊ သဒ္ဓါ၊ ပညာရှိပေါင်း၊ မိတ်ကောင်းအမြဲ၊ မှီဝဲပေါင်းဖော်၊ မမော်မကြွား၊ ပလွှားမဝါ၊ မျှကာသက်မွေး၊ ကျင့်ရေးစတု၊ ဤလေးခုတို့၊ ယခုဒိဋ္ဌ၊ ပစ္စက္ခ၌၊ ဟိတချမ်းသာ၊ ပွားကြောင်းလာ၏ ဟူသော မဃဒေဝလင်္ကာသစ်၌ မိန့်ဆိုထားသည်နှင့်အညီ…
- ဤလူ့ဘဝ လူ့လောက၌ ထကြွလုံ့လ ဝီရိယရှိပြီး ကျွမ်းကျင်လိမ္မာစွာဖြင့် ရှာဖွေရရှိထားသော မိမိတို့၏ ဥစ္စာပစ္စည်းများကို ရေ၊ မီး စသော ရန်သူမျိုးငါးပါးတို့ မလုယက်၊ မဖျက်ဆီးနိုင်အောင် စောင့်ရှောက်ကာကွယ်ထားခြင်း၊
- သဒ္ဓါ၊ သီလစသော သူတော်ကောင်းတရားတို့နှင့်ပြည့်စုံ၍ လောကရေးဓမ္မရေး၌ တိုးတက်ကြီးပွားကြောင်း နည်းလမ်းကောင်းကို ညွှန်ပြတတ်သော ပညာရှိ၊ မိတ်ကောင်းဆွေကောင်းတို့ကို မှီဝဲဆည်းကပ်ပေါင်းဖော်ခြင်း၊
- အမျိုး၊ ပညာ၊ ဥစ္စာ စသော ဂုဏ်များဖြင့် မိမိကိုယ်ကိုမြှောက်၍ သူတစ်ပါးတို့ကို မထီမဲ့မြင်မပြုဘဲ မော်ကြွားပလွှား၍ မနေခြင်း၊
- ဥစ္စာရွှေငွေ အဝင်များ၍ အထွက်နည်းအောင် ညီညွတ်မျှတသော အသက်မွေးမှုမျိုးဖြင့် အသက်မွေးခြင်းဟူသော တရားလေးပါးတို့ကို ပြည့်စုံအောင်ဆောင်ရွက်နိုင်ကြပြီး ယခုပစ္စုပ္ပန်ဘဝ နှစ်သစ်မင်္ဂလာကောင်းမြတ်သောအချိန်အခါမှစ၍ စည်းစိမ်ချမ်းသာအဖြာဖြာတို့ ကြီးပွားတိုးတက်နိုင်ကြပါစေကြောင်း မွန်မြတ်သော အာသီသမနသိကာရ စိတ်ထားကောင်းဖြင့် ဆုတောင်းပတ္ထနာပြုအပ်ပါသတည်း။
