Skip to main content

မြင်းခြံနှင့် နောင်ချိုမြို့နယ်တို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲမှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော်တစ်ပါးအပါအဝင် အပြစ်မဲ့အရပ်သား ပြည်သူအချို့ သေဆုံး/ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် မတ် ၃၀

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ် မတ် ၂၉ ရက် နေ့လယ် ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သာသနာ့အနွယ်ဝင် သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီတွင် မြင်းခြံမြို့နယ် အမှတ် (၁၃) ရပ်ကွက်ရှိ “သာသနာ့ပါလ” ဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးသီလာနန္ဒ (၃၅) နှစ် (၁၅) ဝါသည် အမှတ်(၁၃)ရပ်ကွက်နေ ဦးမျိုးမင်းဗိုလ် (၄၁) နှစ်နှင့်အတူ မြင်းခြံမြို့မှ မန္တလေးသို့ မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် သက္ကယ်ကျင်းကျေးရွာနှင့် ညောင်ဝန်းကျေးရွာကြားအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ညနေ ၆ နာရီ ၅၅ မိနစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသူ အမျိုးသားတစ်ဦးနှင့် ဒဏ်ရာရရှိသူအမျိုးသမီးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၅ နာရီခွဲတွင် နောင်ချိုမြို့နယ် ယာပြင်ကျေးရွာနေ ဦးဝင်းမြင့် (၅၈)နှစ်နှင့် ဒေါ်ကင်း (၇၇) နှစ်တို့သည် ၎င်းတို့၏ နေအိမ်တောင်ဘက်ရှိ ခြံဝင်းအတွင်း အမှိုက်များ ရှင်းလင်း နေစဉ် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား ထိမိပေါက်ကွဲခဲ့မှုကြောင့် ဦးဝင်းမြင့်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ကင်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်