Skip to main content

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော် မတ် ၃၀

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၁၅၇ ဦး စလုံး တက်ရောက်သည့်အတွက် ရာခိုင်နှုန်းပြည့်ဖြစ်သဖြင့် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

 ဦးစွာ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်း အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အဆိုပြုလွှာပုံစံကို အခမ်းအနားမှူးမှတစ်ဆင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယ သမ္မတလောင်းအမည်စာရင်း အဆိုပြုလွှာပုံစံ (၁) ကို တင်သွင်းကြရာ ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်နန်းနီနီအေးကို ပဲခူးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၂) မှ ဦးလှသိန်းက အဆိုတင်သွင်းပြီး ကယားပြည်နယ် (မဲအများဆုံးရသူအနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဦးရှားရယ်က ထောက်ခံတင်သွင်းသည်။

ဆက်လက်၍ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါက်တာ မနာမ်တူးဂျာကို တနင်္သာရီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဦးသန်းအေး (ခ) ဦးတင်ဦးက အဆိုတင်သွင်းပြီး မကွေးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဦးစောသွင်နှင့် မွန်ပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဦးရဲထွဋ်အောင်တို့က ထောက်ခံတင်သွင်းကြ သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယသမ္မတလောင်းများအဖြစ် ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ်အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါက်တာ မနာမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်းကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံမှု ရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေး အဖွဲ့ကို ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်ပေးသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်ပေးသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်ပေးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ဖြင့် ဖွဲ့စည်းရမည်ဖြစ်သောကြောင့် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က စိစစ်ရေးအဖွဲ့ဝင်တစ်ဦးကို ရွေးချယ်ပေးရန်အတွက် အဆိုပြုလွှာပုံစံများကို အခမ်းအနားမှူးထံမှ ထုတ်ယူပြီး အဆိုပြုကြရန် ကြေညာသည်။

ဆက်လက်၍ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်း ရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင် ပါဝင်မည့် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အဆိုပြုလွှာပုံစံကို အခမ်းအနားမှူးမှတစ်ဆင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၂) မှ ဦးလှသိန်းကို ဧရာဝတီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအောင်တင်မြင့်က အမည်စာရင်း တင်သွင်းပြီး ပဲခူးတိုင်းဒေသကြီး (မဲအများဆုံးရသူအနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ် (၄) မှ ဦးရဲမြင့်ထွန်းက ထောက်ခံတင်သွင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမည်တင်သွင်းခံရသူတစ်ဦးတည်းသာရှိသဖြင့် ပဲခူးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၂) မှ ဦးလှသိန်းကို နိုင်ငံတော် သမ္မတအရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ကြောင်း ကြေညာသည်။

ယင်းနောက် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဒုတိယနေ့ကို မတ် ၃၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်