Skip to main content

စံချိန်မီသည့် ကျောင်းများဖြစ်ရေးနှင့် အရည်အချင်းရှိသည့် ဆရာဆရာမများ ဖြစ်ရေး

ပညာရေးသည် လူတစ်ဦးချင်းစီအတွက်ရော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါသည့်အလျောက် နိုင်ငံတော်အစိုးရက ပညာရည်မြှင့်တင်ရေးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် ဆောင်ရွက် နေသည်။ လက်ရှိ မိမိတို့နိုင်ငံ၏ ပညာရေးအခြေအနေမှာ ဝါယမစိုက်၍ မြှင့်တင်ရန်လိုအပ်လျက်ရှိရာ နိုင်ငံသူ နိုင်ငံသားတို့၏ ပညာရေးအပေါ် အမြင်များကိုလည်း မှန်ကန်စွာရှုမြင်လာကြစေရေးအတွက် တည့်မတ်ပေးရန်လိုအပ်သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ အခန်း (၅) လူမှုစီးပွားဆိုင်ရာ အညွှန်းကိန်းများတွင် မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို ကိန်းဂဏန်းစာရင်းဇယား အချက်အလက်များနှင့်တကွဖော်ပြထားရာ အဆိုပါအချက်အလက်များအရ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ လူဦးရေစုစုပေါင်း၏ ထက်ဝက်နီးပါးခန့်ဖြစ်သော ၄၆ ရာခိုင်နှုန်းသည် KG သို့မဟုတ် မူလတန်းအဆင့်ကိုသာ ပြီးမြောက်ခဲ့ကြသည်။ ဤအဆင့်တွင် အမျိုးသားများ ၄၃ ဒသမ ၆ ရာခိုင်နှုန်း၊ အမျိုးသမီးများ ၄၈ ဒသမ ဝ ရာခိုင်နှုန်းရှိသည်။ ဒုတိယအများဆုံးအုပ်စုမှာ အလယ်တန်းအဆင့် ပညာရေးပြီးမြောက်သူများဖြစ်ပြီး လူဦးရေ၏ ၂၃ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။ ဤအုပ်စုတွင် အမျိုးသမီးများ ၂၁ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး အမျိုးသား ၂၆ ဒသမ ၀ ရာခိုင်နှုန်းရှိရာ ကွာခြားချက် ၄ ဒသမ ၁ ဖြင့် အမျိုးသားများက ပို၍များပြားသည်။ အထက်တန်းအဆင့်ပြီးမြောက်သူသည် လူဦးရေ၏ ၁၄ ဒသမ ဝ ရာခိုင်နှုန်းရှိသည်။ ဤအဆင့်တွင်လည်း အမျိုးသားများက ၁၅ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အမျိုးသမီးများ ၁၂ ဒသမ ၆ ရာခိုင်နှုန်းထက် အမျိုးသားက ပိုမိုများပြားသည်။ နည်းပညာနှင့် သက်မွေးပညာသင်တန်း (TVET) အောင်မြင်သူများ၊ သို့မဟုတ် မဟာဘွဲ့၊ ပါရဂူဘွဲ့ရရှိသူများသည် ဝ ဒသမ ၁ ရာခိုင်နှုန်းမှ ဝ ဒသမ ၂ ရာခိုင်နှုန်းသာရှိခြင်း ကြောင့် ကျား/မ ကွာခြားချက်မရှိသလောက်ဖြစ်သည်။ ဖော်ပြပါကိန်းဂဏန်းအချက်အလက်များအရ မူလတန်းပညာရေးတွင် အမျိုးသမီးများ ပါဝင်မှုမြင့်မားသည်ကို ပြသနေသော်လည်း အလယ်အလတ်အဆင့် ပညာရေးတွင် အမျိုးသားများက ပိုမိုလွှမ်းမိုးနေသည်။ ဘွဲ့ရအဆင့်တွင် အမျိုးသမီးများက ပြန်လည်ဦးဆောင်လာသည်။

အသက် ၂၅ နှစ်အထက် လူဦးရေ၏ အမြင့်ဆုံးအောင်မြင်ခဲ့သည့် အတန်းပညာ/အဆင့်တွင် တက္ကသိုလ်/ကောလိပ်/ဘွဲ့ကြိုဒီပလိုမာရသူ ကျား ၁၆၄၂၇၆ ဦး၊ မ ၁၃၁၀၀၁ ဦးရှိပြီး စုစုပေါင်း ၂၉၅၂၇၇ ဦး ရှိသည်။ ဘွဲ့ရ /ဘွဲ့လွန်ဒီပလိုမာရသူ ကျား ၇၈၉၄၃၈ ဦး၊ မ ၁၃၀၃၈၄၇ ဦးရှိပြီး စုစုပေါင်း ၂၀၉၃၂၈၅ ဦးရှိသည်။ မဟာဘွဲ့/ ပါရဂူဘွဲ့ရသူ စုစုပေါင်း ၄၃၆၅၄ ဦးရှိရာ ကျား ၁၈၅၆၆ ဦးရှိပြီး မ ၂၅၀၈၈ ဦး ရှိသည်။ ကျောင်းသား ကျောင်းသူအများစု ကျောင်းထွက်ရခြင်းသည် မိသားစုကိုကူညီရန်၊ အိမ်အလုပ်လုပ်ကိုင်ရန်၊ မိဘဆွေမျိုးများကို ပြုစုစောင့်ရှောက်ရန်တို့က အဓိကအကြောင်းရင်းဖြစ်ပြီး ၂၇ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်းနှင့် ဒုတိယအကြောင်းရင်းမှာ ပညာရေးအတွက် တိုက်ရိုက်/ သွယ်ဝိုက်စရိတ်များကို မတတ်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ကျောင်း ဆက်မတက်သူများ၏ ၁၇ ဒသမ ၃ ရာခိုင်နှုန်းမှာ ၎င်းတို့မိသားစုများကိုယ်တိုင်ကပင် အလယ်တန်း/ အထက်တန်းအဆင့်ထိသာ မျှော်မှန်းတက်ရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသည့် ဆရာ၊ ဆရာမများ၏ ပညာအရည်အချင်းများ ပိုမိုတိုးတက်မြင့်မားရေး၊ အခြေခံပညာကျောင်းများ၏ ကျောင်းအင်္ဂါရပ်များပြည့်စုံရေးနှင့် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဖြစ်အောင် မြှင့်တင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ “အခြေခံပညာ ကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသားကျောင်းသူများ၏ မိဘပြည်သူများအနေဖြင့် ၎င်းတို့၏ သားသမီးများအား ပုဂ္ဂလိက ကျောင်းတွင် ထားနိုင်သည့်သူများမဟုတ်ဘဲ နိုင်ငံတော်မှဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုးရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် သာမန်ဝင်ငွေရှိသူများအများစုသည် အစိုးရကျောင်းများတွင် ၎င်းတို့၏ သားသမီးများကို ပညာသင်ကြားစေကြကြောင်း၊ ထို့ကြောင့် အစိုးရကျောင်းများကို မဖြစ်မနေ အဆင့် မြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ စံချိန်မီသည့် ကျောင်းများဖြစ်စေရေးနှင့် အရည်အချင်းရှိသည့် ဆရာ၊ ဆရာမ များဖြစ်စေရေး အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင်ကျင်းပသည့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်တွင် ပညာရေးကဏ္ဍမြင့်မားမှသာ လူတစ်ဦးချင်း၏ ဘဝများမြင့်မားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည့်အလျောက် နိုင်ငံတော်၏ ပညာရည်မြှင့်တင်ရေး အဘက်ဘက်မှ ဆောင်ရွက်မှုများတွင် နိုင်ငံသားတို့ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တစ်တပ်တစ်အား ပါဝင်ကြရပါမည့်အကြောင်း။ ။