ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်သည် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့်ပုံရိပ်ကို ထိခိုက်စေရန်ရည်ရွယ်သည့် နိုင်ငံရေးဖိအားပေးမှု သက်သက်သာဖြစ်သဖြင့် အဆိုပါထုတ်ပြန်ချက်ကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်လိုက်သကဲ့သို့ ကန့်ကွက်ပယ်ချမှုလည်း ပြုလိုက်သည်။
ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုသည်မှာ စစ်ဆင်တိုက်ခိုက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများစသည့် ပဋိပက္ခများဖြစ်ပေါ်စဉ်အတွင်း အဓမ္မပြုကျင့်မှု၊ လိင်ကျွန်ပြုမှု၊ အတင်းအကျပ်လက်ထပ်မှု စသည့်လုပ်ရပ်များကို နည်းဗျူဟာတစ်ရပ်အနေဖြင့် အသုံးပြုခြင်းကို ဆိုခြင်းဖြစ်သည်။ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုသည် နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားသည်။ ကုလသမဂ္ဂအစီရင်ခံစာများအရ ၂၀၂၄ ခုနှစ်တွင် ဖြစ်ရပ်ပေါင်း ၄၆၀၀ ကျော်ကို အတည်ပြုထားကာ ၂၅ ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြထားပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဟေတီနိုင်ငံ၊ ဆိုမာလီယာနိုင်ငံနှင့် တောင်ဆူဒန်နိုင်ငံတို့တွင် ၎င်းအမှုများစွာကို မှတ်တမ်းတင်ခဲ့သည်ဟု သိရသည်။
မြန်မာ့လူ့အဖွဲ့အစည်းသည် လိင်အကြမ်းဖက်မှုကို ရိုးရာယဉ်ကျေးမှုအရ ဆန့်ကျင်သော သမိုင်းကြောင်း အစဉ်အလာရှိသည့် လူ့အဖွဲ့အစည်းဖြစ်သည်။ ယင်းဓလေ့ကိုအခြေခံ၍ နိုင်ငံတော်အစိုးရသည် အမျိုးသမီး၊ အမျိုးသား၊ လိင်စိတ်ခံယူမှု ကွဲပြားသူအပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရန် ဥပဒေနှင့်အညီ ပြတ်သားစွာဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် မည်သည့်ပြစ်မှုကိုမဆို အသေးအဖွဲပင် ဖြစ်လင့်ကစားလုံးဝခွင့်မလွှတ်ဘဲ အရေးယူအပြစ်ပေးသည့် (zero - tolerance policy)ကို ချမှတ်ထားပြီး ကျူးလွန်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အတိအလင်းပြဋ္ဌာန်းထားသည်။ အသိပညာပေးမှုအားဖြင့်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် ဂျီနီဗာကွန်ဗင်းရှင်း ၄ ရပ်ပါ စစ်ပွဲဆိုင်ရာ ဥပဒေသများနှင့် အရပ်သားများအပေါ် အကာအကွယ်ပေးရေးပြဋ္ဌာန်းချက်များနှင့် လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးတို့ကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား ဟောပြောပွဲများ၊ အသိပညာပေးစကားဝိုင်းများ ကျင်းပပေးလျက်ရှိသည်။ အမျိုးသားအဆင့်တိုင်ကြားမှုယန္တရားအဖြစ် 4 Digits (1566) ၂၄ နာရီ Helpline ဝန်ဆောင်မှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှ ယခုနှစ် ဇန်နဝါရီလအထိ လက်နက်ကိုင်ပဋိပက္ခအတွင်း မဟုတ်သော်လည်း ပြည်သူလူထုက တိုင်ကြားလာသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ဖြစ်စဉ်ပေါင်း ၂၃၀၀ ကျော်ကို လက်ခံစစ်ဆေးကာ ဥပဒေအရဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ယန္တရားများ၊ လူပုဂ္ဂိုလ်များ စသည်တို့က သတင်းအချက်အလက်များရယူကြရာတွင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများကို သတိပြုကြရန်လိုသည်။ နိုင်ငံကို ဆန့်ကျင်ပုန်ကန်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများ၊ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသည့် အဖွဲ့အစည်းများ၊ ပြည်ပြေးအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များစသည်တို့ထံမှ သတင်းအချက်အလက်များ ရယူမည်ဆိုပါက သတင်းအချက်အလက်မှန်ကို ရရှိနိုင်မည်မဟုတ်ဘဲ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည့် စွပ်စွဲချက်များ၊ လုပ်ကြံဖန်တီးထားသည့် ဇာတ်လမ်းများ၊ အတည်မပြုနိုင်သည့် သတင်းများကိုသာ ရရှိကြမည်ဖြစ်သည်။ ယင်းကဲ့သို့သော သတင်းအချက်အလက်များကိုအခြေခံ၍ ထုတ်ပြန်သည့် ထုတ်ပြန်ချက်မျိုးမှာ အခြေအနေမှန်နှင့် ကင်းကွာနေမည်ဖြစ်သည့်အလျောက် ယုံကြည်လက်ခံဖွယ်ရာ ထုတ်ပြန်ချက်လည်း ဖြစ်လာမည်မဟုတ်သည့်အပြင် မြန်မာနိုင်ငံကို ဆန့်ကျင်နေကြသည့် အကြမ်းဖက်များ၊ ပြည်ပြေးများ၊ သောင်းကျန်းသူများ၏ အလိုကျ ထုတ်ပြန်ချက်မျိုးသာလျှင် ဖြစ်နေမည်ဖြစ်သည်။
ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတို့၏ အဆုံးအမနှင့် ယဉ်ကျေးမှုအစဉ်အလာကြီးမားသည့် မြန်မာနိုင်ငံတွင် လိင်အကြမ်းဖက်မှုမှာ ကြီးလေးသည့်ပြစ်မှုဖြစ်သည့်အပြင် လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ဆန့်ကျင်ရှုတ်ချသည့် ယုတ်ညံ့နိမ့်ကျသော အပြုအမူလည်းဖြစ်သည်။ သို့ဖြစ်ရာ အတည်မပြုနိုင်သော သတင်းအချက်အလက်များနှင့် မမှန်ကန်သော စွပ်စွဲချက်များကို အခြေခံ၍ မြန်မာ နိုင်ငံ၏ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ထိခိုက်စေရန်ရည်ရွယ်သည့် နိုင်ငံရေးဖိအားပေးမှု သက်သက်သာဖြစ်သော ထုတ်ပြန်ချက်မျိုးကို မြန်မာတစ်မျိုးသားလုံးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြရမည်သာဖြစ်သည့်အကြောင်း။ ။
