လောကတွင် အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး၊ အပြုနှင့် အဖျက်စသည်တို့ကို အမြဲဒွန်တွဲလျက်တွေ့ရလေ့ရှိသည်။ အသိဉာဏ်ဆင်ခြင်တုံတရားရှိသူများက အပြုသဘောဆောင် အကောင်းမြင်စိတ်ထားဖြင့် လောကကောင်းကျိုးများကို ဆောင်ကြဉ်းလေ့ရှိသော်လည်း အသိဉာဏ်ဆင်ခြင်တုံတရားအားနည်းပြီး မိုက်မဲသူများက လောကကောင်းကျိုး ပျက်စီးရာပျက်စီးကြောင်းတို့ကို အမြဲပြုလုပ်လေ့ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် မိုက်မဲသူများကို ဆန့်ကျင်ရှုတ်ချတိုက်ဖျက်ပြီး ကောင်းကျိုး ပြုသူများနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ပြည်သူများကြား၌ လောကအကျိုးပြုသူများနှင့် လောကကောင်းကျိုးဖျက်ဆီးသူများအား ထင်ထင်ရှားရှားမြင်တွေ့နေကြရပြီ ဖြစ်သည်။ လောကကိုဖျက်ဆီးခြင်းဆိုရာ၌ တစ်ဦးချင်းတစ်ယောက်ချင်း ယုတ်မာကောက်ကျစ်သောအကြံအစည်ဖြင့် မသိမသာဖျက်ဆီးနေကြသူများရှိသလို လက်နက်အားကိုးဖြင့် အစုအဖွဲ့တစ်အုပ်တစ်မနှင့် သိသိသာသာဖျက်ဆီးနေကြသူများကိုလည်း တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် တိုင်းပြည်ကိုဖျက်ဆီးနေကြသည့် အဖျက်သမားများကို အထင်အရှားတွေ့မြင်နိုင်သည်။ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားများအား ဖျက်ဆီးနေကြသည့်သူများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိုင်းဝန်းပူးပေါင်း ဆန့်ကျင်တိုက်ဖျက်ကြရမည်ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ဝါရီ ၁၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအနီးတွင် အရှည်ပေ ၂၆၂၈ ပေရှိ သံကူကွန်ကရစ်အမျိုးအစား ချင်းတွင်းတံတား (ထမံသီ) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာပြည်အနောက်မြောက်ပိုင်း အလွန်ဝေးလံသည့် ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များအား လွယ်ကူလျင်မြန်စွာ ပို့ဆောင်ပေးနိုင်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို များစွာအထောက်အကူပြုလာတော့မည်ဖြစ်သည်။
နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့နံနက်တွင် KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ကယားပြည်နယ် ဖားဆောင်းမြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သော တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်မဆောင်ရွက်နိုင်စေရန်နှင့် ၎င်းတို့ကို လိုက်လံချေမှုန်းခြင်းမပြုလုပ်နိုင်ရန်အတွက် ကယားပြည်နယ် မယ်စဲ့မြို့နယ် ဖားဆောင်းမြို့၏အနောက်ဘက် ဖားဆောင်း-မယ်စဲ့သွား ကားလမ်းအကြားရှိ ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသော အရှည်ပေ ၁၂၆၀ သံကူ ကွန်ကရစ်အမျိုးအစား သံလွင်တံတား (ဖားဆောင်း) ကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။ တံတားကြီးကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လတ်တလောတွင် ပြည်သူများနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိတော့သဖြင့် သက်ဆိုင်ရာက အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တိုင်းရင်းသားလူမျိုးများ မှီတင်းနေထိုင်ကြသည့် တောင်ပေါ်မြေပြန့်ဒေသများအားလုံးတို့တွင် လမ်းပန်းဆက်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတော်အစိုးရက လမ်း၊ တံတားများကို ဖြန့်ကြက်တည်ဆောက်ပေးလျက်ရှိသည်။ တိုင်းရင်းသားပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာလုပ်ကိုင်ဆောင်ရွက်မှုများကို ဖျက်ဆီးခဲ့ကြသောသူများသည် အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည်။ ဒေသများတွင် အခြေပြုလှုပ်ရှားနေကြသော အကြမ်းဖက်သောင်းကျန်းသူများသည် ပြီးခဲ့သည့်ကာလများကလည်း ဧရာဝတီမြစ်ကူးတံတားနှင့် သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးကို ဖျက်ဆီးခဲ့ကြသည်။ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသကောင်းစားရေးဟု ကြွေးကြော်သော်လည်း အမှန်တကယ်တွင် ၎င်းတို့၏ အကျိုးစီးပွားကိုသာရှေးရှု၍ အကြံပက်စက်စွာ လမ်း၊ တံတားများကို ဖျက်ဆီးလျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံအဆောက်အအုံများကို တည်ဆောက်ပေးလျက်ရှိသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကြရသော်လည်း အကြမ်းဖက်သောင်းကျန်းသူများက ပြန်လည်ဖျက်ဆီးနေကြသဖြင့် တည်ဆောက်သူနှင့် ဖျက်ဆီးသူတို့၏ အခြေအနေမှန်ကို ထင်ထင်ရှားရှားသိမြင်ပြီး အကြမ်းဖက်သောင်းကျန်းသူများ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းလက်တွဲတိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။
