ဗြိတိသျှတို့၏ ဖိနှိပ်ချုပ်ချယ်မှုများနှင့် တောင်တန်းပြည်မခွဲခြားမှုများကို တိုင်းရင်းသားအားလုံး၏ ညီညွတ်မှုအင်အားဖြင့် တောင်းဆိုတိုက်ပွဲဝင်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဗြိတိသျှတို့က လန်ဒန်သို့ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံအနာဂတ်အရေးကို ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသည့်အခါ ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသအားလုံးကိုပါ တစ်ပြိုင်တည်းလွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့သော်လည်း ဗိုလ်ချုပ်အားကန့်ကွက်မှုရှိသဖြင့် တောင်ကြီးမြို့၌ လူထုအစည်းအဝေးကြီးကျင်းပ၍ ဗိုလ်ချုပ်ကို ထောက်ခံကြောင်းကြေးနန်းပို့မှသာ အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတစ်ခုလုံး လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ခံ့ညားထည်ဝါစွာ ပြန်လည်ရပ်တည်နိုင်ရန်အတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစွမ်းအားကို အခိုင်အမာစိုက်ထူခဲ့သည်။ ထိုနေ့ကို ပြည်ထောင်စုနေ့ဟု ကမ္ပည်းမော်ကွန်းထိုးပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်သည်မှာ ယခုအခါ နှစ်ပေါင်း(၇၉) နှစ်ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု စွမ်းပကားများကြောင့် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်နေသော်လည်း နယ်ချဲ့ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်အမွေဆိုးများကို ယနေ့ထက်တိုင် ကြုံတွေ့ခံစားနေရဆဲဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးပျက်ပြားပြီး လူမျိုးစွဲ၊ ဝါဒစွဲ၊ ၊ ပုဂ္ဂိုလ်စွဲများဖြင့် ကျဉ်းမြောင်းသည့် နိုင်ငံရေးအမြင်၊ လူမျိုးရေးအမြင်၊ ကိုယ်ကျိုးအတ္တလွန်ကဲမှုများ နှင့်အတူ ပဋိပက္ခများကို ဖန်တီးနေကြသောကြောင့် နိုင်ငံနှင့်ပြည်သူ ဆင်းရဲဒုက္ခများ ကြုံတွေ့နေရသည်။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် အသက်တမျှအရေးကြီးသကဲ့သို့ နိုင်ငံဖွံ့ဖြိုးရေးအတွက်လည်း ကြီးမားသောမောင်းနှင်အားဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသည့်နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အထူးအရေးကြီးသည်။တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေရန်အတွက် အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံးအရာမှာ တိုင်းရင်းသားပြည်သူအားလုံးတို့သည် ပြည်ထောင်စုကြီး၏ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စုဖွားတိုင်းရင်းသားဖြစ်သည် ဟူသော ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြရန်လိုအပ်သည်။ ဤမြေတွင်နေ၊ ဤရေကိုသောက်ပြီး ပြည်ထောင်စုကြီးအတွင်း အတူကြီးပြင်းရှင်သန်နေထိုင်ခဲ့ကြသည့် ပြည်ထောင်စုသားညီရင်းအစ်ကို မောင်ရင်းနှမများဖြစ်ကြသည်ဟူသော တစ်မိသားစုတည်းစိတ်ဓာတ် ထားရှိကြရန်လိုအပ်သည်။
တိုင်းပြည်တစ်ပြည်ဖြစ်စေ၊ လူမျိုးတစ်မျိုးဖြစ်စေ ကောင်းစွာရှင်သန် ရပ်တည်နေထိုင်နိုင်ရန်အတွက် ညီအစ်ကိုမောင်နှမအချင်းချင်း စည်းလုံးညီညွတ်ကြရန်၊ မိမိနိုင်ငံကို ခုခံကာကွယ်နိုင်စွမ်းနှင့် မိမိတို့စွမ်းပကားများကို အစဉ်အမြဲမြှင့်တင်နေကြရမည်ဖြစ်သည်။ နိုင်ငံနှင့်လူမျိုး ထာဝစဉ်တည်တံ့ခိုင်မြဲရေးကို ကိုယ်စွမ်းကိုယ်စနှင့် စည်းလုံးညီညွတ်သောစွမ်းပကားများဖြင့် ကာကွယ်ထိန်းသိမ်းမှုမပြုလုပ်နိုင်လျှင် နိုင်ငံ၏ အချုပ်အခြာအာဏာအားနည်းလာပြီး ပြင်ပမှစွက်ဖက်မှု၊ နှောင့်ယှက်မှု၊ ကျူးကျော်မှုများကျရောက်လာပြီး လက်အောက်ခံဘဝသို့ ရောက်သွားနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ လွတ်လပ်သောနိုင်ငံအဖြစ် ထာဝစဉ်တည်တံ့ခိုင်မြဲစေရန်၊ သူတစ်ပါးလက်အောက်ခံနိုင်ငံမဖြစ်စေရန် အားလုံးစည်းလုံးညီညွတ်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အပေါ်ဘေးအန္တရာယ်အမျိုးမျိုးကျရောက်လာလျှင်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည့် တပ်မတော်နှင့်အတူ ပြည်သူများ ခိုင်မြဲစွာလက်တွဲပြီး တိုင်းပြည်ချစ်စိတ်၊ ရဲစွမ်းသတ္တိစိတ်နှင့် စုပေါင်းစွမ်းအားများဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးကို စည်းလုံးညီညွတ်မှုဖြင့် တွန်းလှန်ကာကွယ်ကြရမည်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများကြားတွင် မိမိတို့ ဘိုးဘွားဘီဘင်များလက်ထက် နယ်ချဲ့တော်လှန်ရေး၊ လွတ်လပ်ရေးကြိုးပမ်းရေးကာလများကကဲ့သို့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် စည်းလုံးညီညွတ်မှု၊ နားလည်ယုံကြည်မှုမျိုးတို့ကို ပြန်လည်ရရှိအောင်တည်ဆောက်ပြီး တစ်သွေးတစ်သားတည်း စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့်နိုင်ငံတွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာအကောင်အထည်ဖော်နေပြီဖြစ်ရာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံသစ်ကို အောင်မြင်စွာတည်ဆောက်နိုင်ရေး၊ ပြည်ထောင်စုကြီးကို ဖျက်ဆီးမည့်အန္တရာယ်များမှကင်းဝေးစေရေးအတွက် ပြည်ထောင်စုသားများအားလုံး ပြည်ထောင်စုစိတ်ဓာတ်များစုရုံး တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။
