Skip to main content

စည်းလုံးမှုသည် နိုင်ငံ့အင်အား

အေးအတူပူအမျှ အတူတကွနေထိုင်ကြမည်ဟူသော သန္နိဋ္ဌာန်ဖြင့် ငါတို့အားလုံး တစည်းတလုံးတည်းဖြစ်သည်ဟူသော ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေထူခဲ့သည့်နေ့သည် ပြည်ထောင်စုနေ့ဖြစ်သည်။ လွန်ခဲ့သော ၇၉ နှစ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦးတို့ သမိုင်းဝင် ပင်လုံစာချုပ်ကိုချုပ်ဆိုကာ တောင်တန်းနှင့် ပြည်မတို့တလုံးတစည်းတည်း လွတ်လပ်ရေးရယူခဲ့ကြခြင်းဖြင့် သမိုင်းမော်ကွန်းတင်ခဲ့ကြသည့်နည်းတူ မိမိတို့ခေတ်တွင်လည်း တစ်သွေးတည်း တစ်သားတည်းဟူသော စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရေးအတွက် ဤပြည်ထောင်စုနေ့တွင် သန္နိဋ္ဌာန်ပြုကြရမည်ဖြစ်သည်။

မျက်မှောက်ကာလ ကမ္ဘာ့အခင်းအကျင်းမှာ မည်သည့်အခါက နှင့်မျှမတူသော အခင်းအကျင်းသစ်ဆီသို့ တူရူပြုလျက်ရှိသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှု၊ အကျိုးစီးပွား ကာကွယ်မှုတို့မှ ပေါ်ထွက်လာသည့် တင်းမာမှုများက ကမ္ဘာ့အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်းစသည်ဖြင့် နေရာအသီးသီးတို့မှာ တည်ငြိမ်မှုပျက်ပြားလာစေသည်။ အင်အားကြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတို့အရ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်၊ သြဇာခံအဖြစ်ထားရှိရန် ဆောင်ရွက်မှုများကို တွေ့မြင်နိုင်သကဲ့သို့ ကမ္ဘာ့နိုင်ငံများစွာတို့မှာ မိမိတို့၏ အမျိုးသားအကျိုးစီးပွားကာကွယ်ရေးအတွက် မိမိတို့၏ကာကွယ်ရေးစွမ်းအား ခိုင်မာတောင့်တင်းစေရန် မြှင့်တင်နေကြသည်ကိုလည်း တွေ့မြင်နိုင်သည်။ ပထဝီအနေအထားနှင့် သယံဇာတထွက်ရှိမှုတို့အရ အရေးပါသည့် မိမိတို့နိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံတို့၏ ပြိုင်ဆိုင်မှုတွင် ကြားခံနယ်ပယ်တစ်ခုအဖြစ် အသုံးချမခံရစေရန် မိမိကိုယ်ကိုကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ပြည်တွင်းအင်အားကို အခိုင်အမာတည်ဆောက်ထားရန်လိုသည်။

လက်ရှိ မိမိတို့နိုင်ငံ၏ ပြည်တွင်းအခြေအနေကိုကြည့်လျှင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်တွင်းပြည်ပမှ အဖျက်သမားများ၊ လက်နက်ကိုင်သောင်းကျန်းသူများက မိမိတို့နိုင်ငံအကျိုးကို မလိုလားသည့် အင်အားကြီးနိုင်ငံအချို့၏နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်ကူညီအားပေးမှုတို့ဖြင့် ဆူပူအကြမ်းဖက်မှုများ၊ တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်။ ၎င်းတို့၏ အကြမ်းဖက်အဖျက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများစွာ သေကျေဒဏ်ရာရရှိခဲ့ကြသလို စီးပွားဥစ္စာအိမ်ရာတိုက်တာများ ပျက်စီးဆုံးရှုံးကြရသည်။ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံပိုင်အဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများနှင့် နိုင်ငံ၏အရင်းအမြစ်များစွာတို့ ဆုံးရှုံးရသည်။

နိုင်ငံတော်ကိုဆန့်ကျင်ကာ လက်နက်ဆွဲကိုင် ဆန့်ကျင်ဆူပူသောင်းကျန်းနေကြသည့် အကြမ်းဖက်အဖျက်အုပ်စုများမှာလည်း ၎င်းတို့အချင်းချင်း သူတစ်လူ ငါတစ်မင်းဆိုသလို အကွဲကွဲအပြားပြား မင်းမူနေကြပြီး အကျိုးစီးပွားများ ကိုယ်စီရှာဖွေနေကြခြင်းဖြစ်ရာ ယင်းသို့သောအခြေအနေက ရေရှည်တွင် နိုင်ငံအတွက် များစွာအန္တရာယ်ကြီးမားသည့်အလျောက် အကြမ်းဖက်ဆူပူသောင်းကျန်းမှုများချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့အတွက် တိုင်းရင်းသား နိုင်ငံသားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုအားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးတို့ အတူတကွ ပေါင်းစည်းနေထိုင်ကြသည့် ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ရေးအတွက် အသက်တမျှအရေးပါသည့် အမျိုးသားအကျိုးစီးပွားတို့မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော အရေးသုံးပါးပင်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်ကြသည့် နိုင်ငံသားအားလုံးက ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ကြရာတွင်လည်း ပြည်ထောင်စုစိတ်ဓာတ်ကအရေးကြီးသည်။ မိမိနိုင်ငံနှင့် လူမျိုးကို အစဉ်စောင့်ရှောက်လိုသည့် စိတ်ဓာတ်၊ အမျိုးဂုဏ်ဇာတိဂုဏ်နှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းလိုသည့် စိတ်ဓာတ်တို့ကို အခြေခံကာ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်သောအင်အားဖြင့် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခြင်း၊ တစည်းတလုံးတည်း ချစ်ကြည်စွာ မိသားစုဝင်များအဖြစ် ပေါင်းစုနေထိုင်သွားကြခြင်းဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲနေမည်ဖြစ်သည့်အကြောင်း။