မန္တလေး ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲအပိုင်း(၁)ကို ယနေ့တွင် တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့် နယ်မြေများ၌ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း သတ်မှတ် မဲရုံအသီးသီး၌ စိတ်အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲများ ပေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်များ၌ မဲရုံများကို နံနက် ၆ နာရီမှ စတင်၍ စနစ်တကျဖွင့်လှစ်ပေးခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများကလည်း စိတ်အားထက်သန်စွာဖြင့် မဲရုံ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကာ ဆန္ဒမဲများပေးခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ညောင်ဦးမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် မိတ္ထီလာမြို့နယ် စသည့် မြို့နယ်ရှစ်မြို့နယ်တို့ပါဝင်ပြီး အဆိုပါမြို့နယ်ရှစ်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁၃၀၀၀၀၀ ကျော်အတွက် မဲရုံပေါင်း ၁၂၄၂ ကို စနစ်တကျဖွင့်လှစ်ထားရှိကာ နိုင်ငံရေးပါတီကိုးခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်သုံးဦးတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက “အရင်ရက်တွေမှာတော့ ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျနဲ့ အောင်မြင်စွာဆောင်ရွက်ပြီးပါပြီ။ ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲမှာလည်းပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ့ စိတ်အေးချမ်းသာစွာမဲပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပြီး ရွေးကောက်ပွဲအပိုင်း(၂)ကိုလည်း သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်မှာ မလွဲမသွေဖြတ်သန်းရတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ နိုင်ငံသားအားလုံး အနေနဲ့ ရွေးကောက်ပွဲကြီး အောင်မြင်ဖို့အတွက် အသည်းကြားကမဲတစ်ပြားကို သက်ဆိုင်ရာ လွှတ်တော်များအလိုက် ပေးကြစေလိုပါတယ်။ ဒီလိုမဲပေးခြင်းဖြင့် တာဝန်ကျေတဲ့နိုင်ငံသား တစ်ယောက်ဖြစ်အောင် ကြိုးပမ်းပေးကြစေလိုပါတယ်” ဟုပြောသည်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ မဲရုံမှူးတာဝန်ထမ်းဆောင်နေသည့် ဒေါ်ချောစုကြည်ကလည်း “ကျွန်မတို့မဲရုံကတော့ မဲရုံအမှတ်(၁) ဖြစ်ပါတယ်။ မဲရုံတာဝန်ကျသူ ၁၂ ဦးရှိပါတယ်။ မဲရုံကြိုတင်မှုတွေအနေနဲ့ စက်ပိုင်းဆိုင်ရာ၊ မီးဘေး၊ လုံခြုံရေးအားလုံးကို ပြင်ဆင်ထားပါတယ်။ မဲပေးစက်အနေနဲ့လည်း လေးလုံးပြင်ဆင်ထားပါတယ်။ ကျွန်မတို့မဲရုံမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၇၂ ဦး ရှိပါတယ်။ ကြိုတင်မဲကတော့ ၆၁ ဦးရှိပါတယ်။ ကျွန်မတို့မဲရုံမှာ ပြည်သူတွေ စိတ်ချမ်းသာစွာ မဲပေးနိုင်ဖို့ စီစဉ်ထားတဲ့အတွက် မဲလာရောက်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ဟုပြောသည်။
ယခုရွေးကောက်ပွဲတွင် မဲမသမာမှုများ ကင်းစင်စေရန်နှင့် မဲပေးမှုလုပ်ငန်းစဉ်များ ပိုမိုတိကျမြန်ဆန်စေရန်အတွက် မြန်မာအီလက် ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM) ကို အသုံးပြုသည့်အတွက် ပြည်သူများအနေဖြင့် မိမိတို့နှစ်သက်သည့် နိုင်ငံရေး ပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်း၏ အမည်နှင့် အမှတ်တံဆိပ်ဘေးရှိ ခလုတ်ကိုနှိပ်၍ လွယ်ကူလျင်မြန်စွာ ဆန္ဒမဲပေးခဲ့ကြသည်။
မဲလာရောက်ပေးသည့် အောင်မြေသာစံမြို့နယ်မှ ဦးမင်းဟန်ကျော်က “အခုလို မဲပေးစက်နဲ့မဲပေးရတဲ့အတွက် အဆင်ပြေလွယ်ကူပါတယ်။ ယခင်ကလည်း မဲပေးခဲ့ဖူးပါတယ်။ အရင်ကထက်စာရင် အခုလို စက်ခလုတ်နှိပ်ပြီး မဲပေးရတာပိုပြီး ရှင်းလင်းလွယ်ကူမြန်ဆန်ပါတယ်။ တာဝန်ရှိသူတွေကလည်း မဲပေးတဲ့သူတွေ အခက်အခဲမရှိအောင် လိုအပ်တာတွေကို လိုက်လံရှင်းလင်းပြသပေးပါတယ်။ မဲပေးတဲ့အခါမှာလည်း လွတ်လပ်ပါတယ်။ ကိုယ်မဲပေးခဲ့တဲ့ သူတွေကလည်း အရင်ကတည်းက သူတို့ဆောင်ရွက်ပေးမယ့်အရာတွေကို ပြည်သူလူထု သိရှိအောင် ပြောထားပြီးသားဖြစ်တဲ့အတွက် ပြောထားတဲ့အတိုင်း လုပ်ဆောင်သွားမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
မဲလာရောက်ပေးသည့် ဒေါ်မော်မော်စန်းကလည်း “ဒီနေ့ မဲပေးရတာအလွန်ကို အဆင်ပြေချောမွေ့ပါတယ်။ အခက်အခဲလည်းမရှိခဲ့ပါဘူး။ မဲရုံတာဝန်ရှိသူတွေကလည်း လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးပါတယ်။ မဲပေးပြီးပြီဆိုတော့ နိုင်ငံသားတစ်ယောက် တာဝန်ကျေပွန်သွားပြီလို့ ခံစားရတဲ့အတွက် အလွန်ကိုပျော်ရွှင်မိပါတယ်။ မဲပေးစက်နဲ့ပေးရတဲ့အပေါ်မှာလည်း ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျွန်မရဲ့အသက်(၅၅)နှစ်မှာ မဲထပ်ပေးရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်” ဟု ပြောသည်။
မဲပေးမှုနောက်ဆုံးသတ်မှတ်ပေးထားသည့် ညနေ ၄ နာရီတွင် မဲရုံများပိတ်သိမ်းပြီးနောက် မဲပေးစက်မှ ထွက်ရှိလာသော ရလဒ်များကိုသက်ဆိုင်ရာ မဲရုံအသီးသီးတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မဲရုံအဖွဲ့ဝင်များ၊ ပြည်တွင်း၊ ပြည်ပမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ ၏ ရှေ့မှောက်၌ ရေတွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်နေရာ၊ အမျိုးသားလွှတ်တော်နေရာ၊ တိုင်းဒေသကြီးလွှတ်တော်နေရာနှင့် တိုင်းရင်းသားလူမျိုးလွှတ်တော် နေရာတို့အတွက် ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြကြောင်း သိရသည်။
မောင်အေးချမ်း
