လွတ်လပ်ရေးရပြီးနောက် ၇၈ နှစ်ကြာမြင့်ပြီးသည့်အချိန်တွင် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေမှာ ရောက်သင့်သလောက်ခရီးမရောက်။ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် နောက်ကျကျန်နေရစ်သည်။ နိုင်ငံမတိုးတက်ရခြင်း၏ အကြောင်းရင်းသည် မငြိမ်းချမ်းခြင်းကြောင့်ဖြစ်ပြီး မငြိမ်းချမ်းရခြင်း၏အကြောင်းရင်းမှာ ကျဉ်းမြောင်းသည့် အစွဲအမျိုးမျိုးတို့ကိုအခြေခံပြီး လက်နက်ကိုင်ပဋိပက္ခဖန်တီးမှုများကြောင့် ဖြစ်သည်။
နိုင်ငံကို တည်ငြိမ်အေးချမ်းစေပြီး တောင့်တင်းခိုင်မာစေသည့် အင်အားမှာ စည်းလုံးညီညွတ်မှုပင်ဖြစ်သည်။ သံသယကြောင့် စည်းလုံးညီညွတ်မှုတွင် အက်ကြောင်းထင်သည့်အခါ ဘေးပယောဂများက ဝင်လာသည်။ အယူဝါဒရေးအစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်စသည့် အစွန်းရောက်ဝါဒီများကလည်း လက်နက်ကိုယ်စီကိုင်စွဲကြကာ၊ နိုင်ငံကိုတည်ဆောက်ကြရမည့်အချိန်တွင် ဝိုင်းဝန်းဖျက်ဆီးကြသည်။ ဆောက်သူကဆောက်၍ ဖျက်သူကဖျက်သည့်အခါ ရှေ့သို့ခရီးမရောက်နိုင်။ နိုင်ငံရေးမတည်ငြိမ်မှုနှင့် လက်နက်ကိုင်ပဋိပက္ခတို့ကြောင့် ဖြစ်ပေါ်လာသည့် ဒုက္ခအမျိုးမျိုးတို့ကို အဓိကခါးစည်းခံကြရသူမှာ ပြည်သူများဖြစ်သည်။ ခံစားရသည့်ဒုက္ခမှာလည်း တစ်ပတ်၊ တစ်လ၊ တစ်နှစ်မျှမဟုတ်။ နှစ်ပေါင်းများစွာ ဆယ်စုပေါင်းများစွာ ရှည်ကြာခဲ့ပြီဖြစ်သည်။
“နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် နိုင်ငံ၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ သို့သော်လည်း အချို့မှာ အမှန်အတိုင်း ရှုမြင်ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ လမ်းမှားပေါ်၌ပင် လျှောက်လှမ်းနေဆဲဖြစ်နေကြရာ နိုင်ငံနှင့်ပြည်သူအကျိုးကို ရှေးရှုလျက်ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်လျှောက်လှမ်းကြပါရန် အသိပေးတိုက်တွန်းလိုပါသည်။ နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို ထာဝရကြိုဆိုလျက်ရှိပြီး အစဉ်အမြဲတံခါးဖွင့်ထားပါကြောင်း ထပ်မံအသိပေးဖော်ပြအပ်ပါသည်။”ဟူ၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်ပြီး မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးရယူတည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများကြားတွင် သံသယများကို ဖယ်ရှားကြရန်၊ ကိုယ်ကျိုးမရှာဘဲ ရိုးသားကြရန်လိုသည်။ ကိုလိုနီခေတ်၏ ဆိုးမွေကို ဖယ်ရှားနိုင်ခြင်းမရှိဘဲ ဆက်ခံနေသရွေ့ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် အလှမ်းဝေးနေမည်သာဖြစ်ရာ လွတ်လပ်ပြီးနောက် ဆယ်စုနှစ်များစွာကြာမြင့်သည့်တိုင် မငြိမ်းချမ်းမှုနှင့်မဖွံ့ဖြိုးမှုတို့အပေါ် သင်ခန်းစာ ယူနိုင်ကြရန်လိုသည်။ လက်နက်ကိုင်ပဋိပက္ခများမရှိဘဲ တည်ငြိမ်အေးချမ်းနေမည်ဆိုလျှင်ပင် အနည်းဆုံးအားဖြင့် ကြောက်ရွံ့မှု၊ စိုးရိမ်မှုတို့ကင်းစွာဖြင့် အသက်မွေးဝမ်းကျောင်းပြု ဝမ်းစာရှာဖွေနိုင်ကြမည်ဖြစ်သည်။
မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်ရာ ဤပြည်ထောင်စုကြီးအတွင်း အတူတကွနေထိုင်ကြသူ၊ နိုင်ငံသူနိုင်ငံသားတိုင်းက တစ်လုံးတစ်စည်းတည်းသော ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ကြရန်လိုသည်။ ပြည်ထောင်စုကြီးအတွင်း အတူတကွနေထိုင်ကြသူများအကြား အစွန်းရောက်လူမျိုးရေးအယူဝါဒများ၊ လူမျိုးအချင်းချင်း မုန်းတီးမှုများကို အကြွင်းမရှိ ဖယ်ရှားကြရန်နှင့် ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ကြရန်လည်းလိုသည်။ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှသည် ထာဝရငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ လျှောက်လှမ်းနိုင်မှသာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဘဝ၊ လွတ်လပ်ခြင်း၏ အနှစ်သာရတို့ကို ပီပြင်စွာခံစားနိုင်ကြပါမည့်အကြောင်း။ ။
