Skip to main content

ရေဆုံးရေဖျား နှိမ်နင်းချေမှုန်းသွားမည့် ကြီးလေးသည့် ရာဇဝတ်မှုများ

အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများသည် မြန်မာနိုင်ငံက စတင်ပေါ်ပေါက်လာခြင်းမဟုတ်။ မြန်မာနိုင်ငံအစိုးရက ခွင့်ပြုထားခြင်း၊ လက်ခံထားခြင်းမရှိသည့်တိုင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများမှာ မြန်မာနိုင်ငံနယ်စပ်ဒေသရှိ သောင်းကျန်းသူအဖွဲ့အစည်းများ ကြီးစိုးသည့််နယ်မြေများတွင် အခြေချကာ ၎င်းအဖွဲ့အစည်းများ၏ အကာအကွယ်ပေးမှုဖြင့် အကျိုးတူဆောင်ရွက်နေကြခြင်းဖြစ်သည်။

အင်တာနက်နည်းပညာကိုအသုံးပြု၍ ကမ္ဘာတစ်ခွင်ပတ်၍ လိမ်လည်နေသည့် အဆိုပါလုပ်ငန်းများကို တည်ထောင်လုပ်ကိုင်ရေး၊ နောက်ကွယ်မှ ကြိုးကိုင်သူများမှာ မြန်မာများမဟုတ်ကြသည့်အပြင် လိမ်လည်လောင်းကစားလုပ်ငန်းများ၏ အကျိုးအမြတ်ကိုရရှိခံစား ကြသူများမှာလည်း မြန်မာများမဟုတ်ကြ။ ယင်းလုပ်ငန်းများအတွက် မြေငှားသူ၊ လုံခြုံရေးဝန်ဆောင်မှုပေးသူတို့ လောဘတက်လောက်စရာ ငွေကြေးပမာဏတို့ ရရှိကြမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းဖြစ်ပေါ်လာသည့် နိုင်ငံရေမတည်ငြိမ်မှုနှင့် ပြည်တွင်းလုံခြုံရေး ယိုယွင်းလာမှုအခြေအနေများက အွန်လိုင်းလိမ်လည်ရာဇဝတ်ဂိုဏ်းများအတွက် အခွင့်အလမ်းကောင်းများ ရရှိခဲ့ပြီး ခေတ်ကောင်းတစ်ခေတ်ဖြစ်ခဲ့သည်။

နယ်စပ်မျဉ်းနှင့်ကပ်လျက် မိမိနိုင်ငံဘက်အခြမ်း တရားဥပဒေစိုးမိုးမှုနှင့် အလှမ်းဝေးသည့်နေရာများတွင် သစ်လွင်လှပသည့် ခေတ်မီအဆောက်အအုံများနှင့် ညဘက်တွင် ရောင်စုံမီးများ ထိန်ထိန်ညီးအောင် ထွန်းလင်းနေသည့် အွန်လိုင်းရာဇဝတ်လုပ်ငန်း မြို့ငယ်များမှာ နိုင်ငံတကာမှ လာရောက်အလုပ်လုပ်ကိုင်သူများ သောင်းနှင့်ချီ၍ လှုပ်ရှားနေခဲ့ကြသည်။ ၎င်းတို့အဖို့ ခေတ်ကောင်းချိန်တွင် တစ်ချိန်လုံးသာယာနေခဲ့ကြသော်လည်း နိုင်ငံကြီးအချို့အပါအဝင် နိုင်ငံတကာက အာရုံစိုက်လာချိန်တွင် ယင်းလုပ်ငန်းများသည် ၎င်းတို့နှင့်မဆိုင်သယောင် လိမ်ညာဝါဒဖြန့်မှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် အမှန်အတိုင်းရှုမြင်နိုင်ခြင်း မရှိသည့် ပြည်ပမီဒီယာများ၊ ပြည်ပြေးပြည်ဖျက်မီဒီယာများကလည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် ထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားထုတ်လွှင့်မှုများ ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံအစိုးရသည် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများနှင့် ပတ်သက်မှုရှိနေ၍ ၎င်းနေရာများကို အမှန်တကယ်အရေးယူဖျက်ဆီးမည် မဟုတ်သည့် သတင်းမျိုးကို အစောပိုင်းက ထုတ်လွှင့်မှုများရှိခဲ့ပြီး မြန်မာ့တပ်မတော်က အွန်လိုင်းလိမ်လည်လောင်းကစားနေရာများကို ပြတ်ပြတ်သားသား တိုက်ဖျက်ချေမှုန်းသည့်အခါတွင်မူ သက်သေများ ဖျောက်ဖျက်ပစ်နေခြင်းဖြစ်သည်ဆိုသည့် အရေးအပြောမျိုး ပြောင်းလဲထုတ်လွှင့်လာသည်။ တပ်မတော်မဟုတ်လျှင် တပ်မတော်လက်အောက်ခံ BGF ဟူ၍လည်း မရမက ဆက်စပ်ပြောကြသည်။ အကယ်စင်စစ်အားဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းနှင့် ပတ်သက်လိုသည့်အဖွဲ့က BGF မှ KNA ဟူ၍ အရောင်ပြောင်းစဉ်ကမူ ၎င်းပြည်ဖျက်မီဒီယာများကပင် အားပါးတရထုတ်လွှင့်ခဲ့ကြခြင်းဖြစ်သည်။

ယခုအခါ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ရွှေကုက္ကိုလ်၊ KK Park နှင့် ကျောက်ခက်ဒေသတို့တွင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက် နှိမ်နင်းရေးကို နိုင်ငံတော်အစိုးရက ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်းများ ပြန်လည်ဝင်ရောက်ခြေချမလာစေရေးအတွက် အဆောက်အအုံများကို ဖြိုချဖျက်ဆီးလျက်ရှိသည်။ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများကို တပ်မတော်က မြေလှန်၍ အမြစ်ဖြတ်ဖျက်ဆီးရှင်းလင်းလျက်ရှိရာ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့ကလည်း မြဝတီနှင့် လေးကေ့ကော်တစ်ဝိုက်တွင် တိုက်ပွဲများဖော်၍‌ နှောင့်ယှက်နေကြသည်။

နိုင်ငံတော်အစိုးရသည် အွန်လိုင်းလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) များကို “လူအများစုအပေါ် ကျူးလွန်သည့် ကြီးလေးသည့် ရာဇဝတ်မှုများ” ဖြစ်သည်ဟု သတ်မှတ်ထားသည်။ အဆိုပါရာဇဝတ်မှုများကို ရေဆုံးရေဖျား လိုက်လံနှိမ်နင်းချေမှုန်းမည်ဖြစ်သည်။ယင်းသို့ နှိမ်နင်းရာတွင် နည်းလမ်းအနေဖြင့် ပြင်းပြင်းထန်ထန် နှိမ်နင်းမည့်မူဝါဒ (Aggressive Crackdowns Method) ကို ကျင့်သုံးသွားမည်ဖြစ်သည်။

ပြည်သူလူထုအနေဖြင့် အွန်လိုင်းလိမ်လည်မှု၏ သားကောင်မဖြစ်စေရန် ဖုန်းထဲသို့ရောက်လာသည့် မိမိမသိသော Link များကို မဖွင့်ရန်၊ မိမိမသိသည့် Message များကိုမကြည့်ရန်၊ အွန်လိုင်းလိမ်လည်မှုခံရပါက သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားရန်၊ အစိုးရတာဝန်ရှိသူများနှင့် မပျက်မကွက်ပူးပေါင်းဆောင်ရွက်ရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။