နေပြည်တော် ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ် (၃) ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ “ရွှေဇင်” အာမခံရွှေဆိုင်မှ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၁၀၃၀ ကို ဒီဇင်ဘာ ၅ ရက်က သေနတ်ဖြင့်ခြိမ်းခြောက်၍ လုယက်ယူဆောင်ခဲ့သူများနှင့် ပူးပေါင်းပါဝင်သူတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် လှိုင်မြို့နယ် အမှတ် (၁၄) ရပ်ကွက် မြကန်သာအိမ်ရာနေ ဦးစိုးဌေး (၆၀) နှစ်သည် “ရွှေဇင်” အာမခံရွှေဆိုင်၌ ရောင်းချမည့် ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၁၀၃၀ တို့အား BGO-27 4S-4805 Faw TOYOTA BZ4X အဖြူရောင်ယာဉ်ဖြင့် သယ်ဆောင်လာပြီး ရွှေဆိုင်ရှေ့အရောက်၌ ကားပေါ်မှ ဆိုင်အတွင်း ရွှေ့ပြောင်းရန်ပြုလုပ် နေစဉ်အမျိုးသားနှစ်ဦး (စိစစ်ဆဲ) မှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဦးစိုးဌေးနှင့် ဆိုင်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ ယာဉ်ပေါ်တင်ဆောင်လာသည့် ရွှေထည်ပစ္စည်းမျိုးစုံ ၃၉၁ ခု (ကာလတန်ဖိုးကျပ်သိန်း ၄၂၅၀) ခန့်နှင့် ငွေကျပ်သိန်း ၁၀၃၀ တို့ကို လုယက်ယူဆောင်သွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးလသာမြို့မရဲစခန်း (ပ) အမှတ် ၅၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့သည်။
ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ စုံစမ်းထောက်လှမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ယင်းနေ့ညနေ ၄ နာရီ ၅ မိနစ်တွင် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ပြစ်မှုကျူးလွန်သူများ ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်စဉ် ရန်ကုန်ဆေးရုံကြီးဝင်း လျှပ်စစ်ရုံးဟောင်းအဆောက်အအုံဘေး၌ ကျန်ခဲ့သည့် ခရီးဆောင်အိတ်တစ်လုံးအတွင်းမှ ရွှေသားဆွဲသီးမျိုးစုံ ၅၃ ခု၊ ကျောက်ပါရွှေဆွဲသီး ၂၆ ခု၊ ရွှေသားလက်စွပ် လေးကွင်း၊ ကျောက်ပါရွှေလက်စွပ် လေးကွင်း၊ ကျောက်ပါရွှေနားကပ် နှစ်ရန်၊ အလေးချိန် ၁၁ ကျပ် ခုနစ်ပဲ ခုနစ်ရွေး (ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀) ခန့် ထည့်ထားသည့် အနီရောင်ကတ္တီပါဘူး အကြီးနှစ်ခု၊ အရိုးအသွား ကိုးလက်မခန့်ရှိ ဓားဦးချွန်ဓားမြှောင်တစ်ချောင်း၊ အင်္ကျီလက်ရှည် သုံးထည်၊ ဘောင်းဘီအရှည် နှစ်ထည်၊ ဦးထုပ်နှစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အတူ ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲတွင် ပြစ်မှုကျူးလွန်သူများ အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီးနှင့် ရွှေထည်ပစ္စည်းများ ထည့်သည့်အနီရောင်ကတ္တီပါ ဘူးခွံသုံးခုတို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်။
ဆက်လက်၍ ရဲတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးရရှိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်သည့် သာကေတမြို့နယ် အမှတ် (၈) ရပ်ကွက် ရွှေအုတ်ဂူလမ်းနှင့် နိဂြောဓလမ်းထောင့်ရှိ “အောင်ဘရားသား” လက်ဖက်ရည်ဆိုင်ပိုင်ရှင် အောင်ဇင်ကို (၃၀) နှစ်နှင့် လက်ဖက်ရည်အဖျော်ဆရာ စိုးကို (၂၉) နှစ်တို့အား ဒီဇင်ဘာ ၉ ရက် နံနက် ၁၁ နာရီ မိနစ်၂၀ တွင် အဆိုပါလက်ဖက်ရည်ဆိုင်၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် အခင်းဖြစ်နေ့က “ရွှေဇင်” အာမခံရွှေဆိုင်သို့ ရွှေထည်ပစ္စည်းများ လာရောက်ပို့ဆောင်သည့် မော်တော်ယာဉ်ပေါ်မှ ရွှေထည်ပစ္စည်းများနှင့် ငွေများအား သေနတ်ဖြင့် ခြိမ်းခြောက်၍ လုယက်ယူဆောင်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ပြီးနောက် အောင်ဇင်ကိုမှ စိုးကိုအား ငွေ ၁၀ သိန်းကျပ်ပေးခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့်သေနတ်၊ ရွှေထည်ပစ္စည်းအချို့နှင့် ငွေစက္ကူအချို့ တို့အား အောင်ဇင်ကိုမှ ၎င်း၏ ယောက္ခမဖြစ်သူ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁၃၂) ရပ်ကွက် ရတနာ (၂) လမ်း အမှတ် (၂၇၆) နေ ဦးသန်းထွန်း (၅၇) နှစ်၏ နေအိမ်၌လည်းကောင်း၊ ငွေကျပ်သိန်း ၂၇၀ အား အောင်ဇင်ကို၏ ဇနီး မသင်းမိုးကြူ (၃၀) နှစ်ထံတွင်လည်းကောင်း အပ်နှံသိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် ပြန်လည်သိမ်းဆည်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် ဦးသန်းထွန်းအား ၎င်း၏နေအိမ်အပေါ် ထပ်မျက်နှာကြက်အတွင်း သိမ်းဆည်းထားသည့် လက်လုပ်ပစ္စတို သေနတ်တစ်လက်နှင့် ၎င်းကျည် ငါးတောင့်ထည့်ထားသော ဘေးလွယ်အိတ်တစ်လုံး၊ လက်စွပ်မျိုးစုံအကွင်း ၁၈၀၊ နားကပ်မျိုးစုံ ၅၈ ရန်တို့ ထည့်ထားသည့် ကျောပိုးအိတ် တစ်လုံး၊ ငွေကျပ်သိန်း ၁၅၀ ထည့်ထားသည့် ကြွပ်ကြွပ်အိတ်တစ်လုံးတို့ဖြင့်လည်းကောင်း၊ မသင်းမိုးကြူအား ၎င်း၏ နေအိမ်မှ ငွေကျပ်သိန်း ၂၇၀ ဖြင့်လည်းကောင်း အသီးသီးထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှ လုယက်မှုကျူးလွန်ခဲ့ပြီး ဖမ်းဆီးရမိသည့် တရားခံအောင်ဇင်ကို၊ စိုးကိုနှင့် လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ပစ္စည်းများအား လက်ခံထားရှိခဲ့သူများဖြစ်သည့် သန်းထွန်း၊ သင်းမိုးကြူတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် သိမ်းဆည်းရန် ကျန်သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်း ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
