Skip to main content

ဆီးဂိမ်းပြိုင်ပွဲမှာ နဂါးလှေအသင်းက စည်းစည်းလုံးလုံးနဲ့ ကြိုးစားပြီး ဆုတံဆိပ်ရရှိအောင် ကြိုးပမ်းခဲ့ပါမယ်

ဒေါ်လင်းလင်းကျော်

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများသည် သက်ဆိုင်ရာအားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ အဖွဲ့လိုက်ထိုင်းနိုင်ငံသို့ ထွက်ခွာလျက်ရှိသည်။

ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံကိုယ်စားပြုစားပွဲတင်တင်းနစ် အားကစားသမားများသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့လည်းကောင်း၊ နဂါးလှေအမျိုးသား၊ အမျိုးသမီးအားကစားသမားများနှင့် မြင်းစီးအားကစားသမားများသည် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့သို့လည်းကောင်း၊ ညနေပိုင်းတွင် သေနတ်ပစ်အားကစားသမားများသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့လည်းကောင်း သက်ဆိုင်ရာအုပ်ချုပ်သူ၊ နည်းပြများနှင့်အတူ ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာသွားကြသည်။

အဆိုပါ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိရေး ကြိုးပမ်းကာ ပါဝင်ယှဉ်ပြိုင်သွားကြမည့် မြန်မာနိုင်ငံ ကိုယ်စားပြုအားကစားသမားများနှင့် အုပ်ချုပ်သူ၊ နည်းပြများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးကြည်မြင့် စားပွဲတင်တင်းနစ် အားကစားသမား

လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်းက နည်းပြတွေနဲ့ လေ့ကျင့်ရေးလုပ်ခဲ့ပါတယ်။ ဆီးဂိမ်းမတိုင်ခင် ကျွန်တော်တို့ ဘန်ကောက်မှာ မကြာခဏသွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ စားပွဲတင်တင်းနစ်မှာ ကျွန်တော်က အသင်းလိုက်ရယ်၊ တစ်ဦးချင်းရယ်၊ နှစ်ယောက်တွဲရယ်၊ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ အဓိကပြိုင်ဘက် ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ မလေးရှားတို့က အင်အားကောင်းတယ်။ သူတို့ကို ဖြတ်ကျော်ပြီး ရွှေတံဆိပ်ရအောင်ယူပြီး ပြန်လာပါမယ်။

ဦးစောသောင်းသောင်းစံ နဂါးလှေအမျိုးသား အားကစားသမား

ကျွန်တော်တို့ နဂါးလှေအမျိုးသားအသင်းက အချိန်ယူပြီး လေ့ကျင့်ထားတယ်။ ရုရှားနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုဆီးဂိမ်းမှာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆုရအောင် ကြိုးစားသွားပါမယ်။ အမျိုးသားမီတာ ၂၀၀ နဲ့ မီတာ ၅၀၀ တို့မှာ ပါဝင်ယှဉ်ပြိုင်သွားပါမယ်။ ဒီပြိုင်ပွဲကို အကောင်းဆုံးယှဉ်ပြိုင်ပြီး ဆုတံဆိပ်တွေကို ရင်ဝယ်ပိုက်နိုင်အောင် စည်းလုံးညီညွတ်စွာနဲ့ ကြိုးစားခဲ့ပါမယ်။

ဒေါ်လင်းလင်းကျော် နဂါးလှေအမျိုးသမီး အားကစားသမား

အခုဆီးဂိမ်းပြိုင်ပွဲအတွက် ကျွန်မတို့ နှစ်နှစ်လောက်လေ့ကျင့်ထားပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး နဂါးလှေအမျိုးသမီးအသင်း လက်ရွေးစင်ဖြစ်ခဲ့တယ်။ အခုဆိုရင် ဆီးဂိမ်းပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ သုံးကြိမ်ရှိပါပြီ။ တစ်ဦးနဲ့တစ်ဦး စည်းလုံးညီညွတ်စွာနဲ့ ဆုတံဆိပ်ရရှိအောင်  အကောင်းဆုံးကြိုးစားသွားမယ်။ အုပ်ချုပ်သူ၊ နည်းပြတွေရဲ့ သင်ကြားပေးမှုအပေါ် ညီညီညွတ်ညွတ်နဲ့ ကြိုးစားသင်ယူခဲ့ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ နဂါးလှေအသင်းက စည်းစည်းလုံးလုံးနဲ့ ကြိုးစားပြီး ဆုတံဆိပ်ရရှိအောင် ကြိုးပမ်းခဲ့ပါမယ်။

ဦးကျော်ဝဏ္ဏအောင် မြင်းစီးအားကစားသမား

ပြိုင်ပွဲအတွက် အများကြီးပြင်ဆင်ထားပါတယ်။ မြင်းစီးပြိုင်ပွဲတန်းခုန်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဆီးဂိမ်းမတိုင်ခင် ပြည်တွင်း၊ ပြည်ပတွေမှာပါ ပြိုင်ထားတဲ့အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ အခုဆီးဂိမ်းပြိုင်ပွဲပြီးတော့ ဘန်ကောက်မှာပြုလုပ်မယ့် Prin-cess Cup ပြိုင်ပွဲမှာလည်း ထပ်မံဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ အခုလိုဝါသနာပါတဲ့အလုပ်ကို လုပ်ရပြီး ဒီလိုနေရာရောက်လာခဲ့တဲ့အတွက် ဆုတံဆိပ်တွေအများကြီး မျှော်လင့်ထားတယ်။ ဒီအတွက် ကျွန်တော်အကောင်းဆုံးကြိုးစားသွားမှာပါ။

ဦးစိုးမင်းအောင် စားပွဲတင်တင်းနစ် အားကစားအဖွဲ့ အုပ်ချုပ်သူ

ပြိုင်ပွဲအတွက် အားကစားသမားတွေကို သူတို့ရဲ့ကျွမ်းကျင်မှု၊ ကြိုးစားအားထုတ်မှုနဲ့ အကောင်းဆုံးရွေးချယ်ခဲ့ပါတယ်။ အုပ်ချုပ်သူ၊ နည်းပြနှစ်ဦးနဲ့ ကစားသမားခြောက်ဦး သွားရောက်မှာပါ။ ပြိုင်ပွဲအမျိုးအစားအားလုံးကို ကျွန်တော်တို့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲအမျိုးအစားခြောက်မျိုးရှိပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ပြင်ဆင်မှုအပိုင်းကို အကောင်းဆုံးကြိုးစားထားတာ ဖြစ်တဲ့အတွက် အကောင်းဆုံးရလဒ်တွေ သယ်ဆောင်လာမယ်လို့ ယုံကြည်ပါတယ်။ အကောင်းဆုံးကြိုးစားပြီး အမြင့်ဆုံးဆုတံဆိပ်တွေ မှန်းထားပါတယ်။

ဦးဘုန်းမြင့်တေဇာ နဂါးလှေအမျိုးသား အားကစားအသင်း နည်းပြ

နဂါးလှေအမျိုးသားအသင်းကို ဆန်ခါတင်အဆင့်ရဖို့အတွက် အလားအလာရှိတဲ့ အားကစားသမားတွေကို အဆင့်ဆင့်ဖြတ်ကျော် အောင်နိုင်ပြီးမှ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ အားကစားသမားတွေကိုလည်း ယုံကြည်ထားတယ်။ အခုဆီးဂိမ်းပြိုင်ပွဲမှာ ဆုတံဆိပ်တစ်ခုခုရရှိရမယ်၊ အောင်မြင်မှုရရှိစေရမယ်လို့ မျှော်မှန်းထားတယ်။ နဂါးလှေအမျိုးသားအသင်းက ၁၀ ယောက် တွဲ မီတာ ၂၀၀၊ မီတာ ၅၀၀ နဲ့ အမျိုးသား အမျိုးသမီး ၂၀ ယောက်တွဲ မီတာ ၂၀၀၊ မီတာ ၅၀၀ တို့ကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။

ဦးအောင်တင်ထွန်း နဂါးလှေ အမျိုးသမီး အားကစားအသင်း နည်းပြ

ဆီးဂိမ်းပြိုင်ပွဲအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးပြိုင်ပွဲတွေက အလားအလာရှိတဲ့ အားကစားသမားတွေကို တစ်ဦးချင်းစိတ်ကြိုက်ခေါ်ယူပြီး အတွဲလိုက်လေ့ကျင့်ပြီးတော့မှ အကောင်းဆုံးအားကစားသမားတွေကို ရွေးချယ်ခဲ့တယ်။ ပြိုင်ပွဲမှာ အမျိုးသမီးအသင်းက မီတာ ၂၀၀၊ ၁၀ တက်၊ မီတာ ၅၀၀၊ ၁၀ တက်၊ ၂ ကြိမ်တိုင်တိုင် ပါဝင်ယှဉ်ပြိုင်ရမှာပါ။ စုစုပေါင်းလေးပွဲယှဉ်ပြိုင်ရမှာပါ။ ပြိုင်ပွဲက ၁၈ ရက်၊ ၁၉ ရက်၊ နှစ်ရက်ယှဉ်ပြိုင်ရမယ်။ မီတာ ၂၀၀ ပြိုင်ပွဲကို ၁၈ ရက်မှာ ယှဉ်ပြိုင်ပြီး မီတာ ၅၀၀ ကို ၁၉ ရက် မှာ ယှဉ်ပြိုင်မှာပါ။ ရွှေတံဆိပ်ရဖို့ မျှော်မှန်းထားပါတယ်။ အားကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ယုံကြည်မှုအပြည့်ရှိပါတယ်။ စံချိန်ကိုလည်း ခါတိုင်းနှစ်ထက် ပိုမိုရရှိအောင် မျှော်မှန်းထားပါတယ်။

ဒေါ်အိသက်မွန် မြင်းစီးအားကစား နည်းပြ

ဒီတစ်ခေါက်ဆီးဂိမ်းမှာ ကစားသမားလေးဦးပါတယ်။ ပြိုင်ပွဲက နှစ်ပွဲပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ တစ်ပွဲက event teens နဲ့ တစ်ပွဲက တန်းခုန်ဖြစ်ပါတယ်။ ဆီးဂိမ်းအတွက် ပြင်ဆင်မှုကို ဇန်နဝါရီလကစခဲ့တယ်။ ကျွန်မတို့ဘက်က နည်းပြကစားသမားတွေပါသလို နိုင်ငံခြားနည်းပြတွေလည်းပါပါတယ်။ အတူတူပူးပေါင်းပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ အခုဆီးဂိမ်းပြီးရင်လည်း ၂၀ ရက် ကနေ ၂၃ ရက်အထိ ထိုင်းနိုင်ငံမှာ ဆက်လက်ကျင်းပမယ့် Princess Cup မှာ မြန်မာ့လက်ရွေးစင်လူငယ်လေးတွေ၊ သွေးသစ်လေးတွေနဲ့ တန်းခုန်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် မှာပါ။ အခု Princess cup မှာ ပြိုင်မယ့် ကစားသမားနှစ်ဦးထဲက တစ်ဦးက ဆီးဂိမ်းထဲမှာပြိုင်တဲ့ ကစားသမားပါ။ သူ့အနေနဲ့က အိန္ဒိယနဲ့ ထိုင်းတို့မှာ ပြိုင်ခဲ့ဖူးပါတယ်။ နောက်အားကစားသမားတစ်ဦးက ဆီးဂိမ်းအတွက် ပဏာမရွေးချယ်ထားတဲ့သူဖြစ်ပြီး မြင်း ပေးရတဲ့ အခက်အခဲကြောင့် သူကမပါဝင်လိုက်ရပေမယ့် ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ကျွန်မတို့ မြင်းစီးအားကစားမှာ အကောင်းဆုံးကြိုးစားပြီး ဆုတံဆိပ်မရရအောင်ယူခဲ့ပါမယ်။

တွေ့ဆုံမေးမြန်း - ဇော်မင်းလတ်

ဓာတ်ပုံ - သီဟ