Skip to main content

နိုင်ငံတော်၏အကျိုးစီးပွားကိုရှေးရှု အမျိုးသားနိုင်ငံရေးဦးဆောင်မှုတွင်ပါဝင်

တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ဖြစ်ပေါ်လာသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး တပ်မတော်သားများသည် တိုင်းရင်းသားပြည်သူများမှ မွေးဖွားလာသူများဖြစ်၍ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံကာကွယ်ရေးတာဝန်ဖြစ်သော်လည်း ဒို့တာဝန်အရေးသုံးပါးကို ထိပါးမည့်အန္တရာယ်များရှိနေသောကြောင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်ကတည်းက အမျိုးသားခေါင်းဆောင်ကြီးများ မျှော်မှန်းချက်၊ ပြည်သူများ၏ လိုလားချက်အရ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သော်လည်း ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲများနှင့် နိုင်ငံရေးအဖွဲ့ အစည်းများ အကွဲအပြဲဖြစ်ပြီး တိုင်းပြည်ပြိုကွဲပျက်စီးမည့်အန္တရာယ်များရှိလာသောကြောင့် တပ်မတော်သည် နိုင်ငံ့တာဝန်ကို ယူခဲ့ရသည်။ ဆက်လက်၍ နိုင်ငံတော်ကို ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ဖြင့် ကျင့်သုံးခဲ့သော်လည်း မအောင်မြင်သော နိုင်ငံရေး၊ စီးပွားရေးစနစ်များနှင့်နိုင်ငံရေးပယောဂများ ပူးကပ်လာသောကြောင့် တိုင်းပြည်ပြိုကွဲနိုင်မှုအခြေအနေများရှိလာသဖြင့် တပ်မတော်သည် နိုင်ငံတော်၏ တာဝန်ကိုယူခဲ့ရသည်။

တပ်မတော်သည် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မျက်ခြည်အပြတ်မခံဘဲ ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကို ဆောင်ရွက်ခဲ့သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းနိုင်ရန် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေသည့်ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပဋိပက္ခများ၊ လက်နက်ကိုင်အကြမ်းဖက်မှုများ၊ ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရမှုများစသည့် အခက်အခဲ၊ အကျပ်အတည်းမျိုးစုံကို သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ပြည်သူများ၊ မိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းကာ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၆ ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် “တပ်မတော်အနေဖြင့် နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက် သမိုင်းကြောင်းများအရ ပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရခြင်းကြောင့် လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် စနစ်တကျလုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်၏ နောက်ခံသမိုင်းကြောင်းအခြေအနေနှင့် ပကတိအခြေအနေမှန်များကို အရှိကိုအရှိအတိုင်း နားလည်ကြသူများအနေဖြင့် တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆောင်ရွက်နေရမှုအခြေအနေများကို နားလည်သဘောပေါက်ကြမည်ဖြစ်သည်။ မျက်မှောက်ကာလတွင်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်နေကြမှုများကို စွန့်လွှတ်စွန့်စား ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ပေးနိုင်ရေးသည် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည်အရေးအကြီးဆုံးဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအားလုံးကို အောင်မြင်စွာဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ ယခုအခါ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကို စတင်ကျင်းပပေးမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ရွေးကောက်ပွဲ ပထမပိုင်းပြုလုပ်ပြီး နှစ်ပတ်အကြာတွင် ဒုတိယပိုင်းပြုလုပ်မည်ဖြစ်ပြီး ဒုတိယပိုင်းပြုလုပ်ပြီး နှစ်ပတ်အကြာတွင် တတိယပိုင်းကို ပြုလုပ်ပေးမည်ဖြစ်သည်။

သို့ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်အထမြောက် စေရေးအတွက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို အမှန်တကယ်ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်များအား ရွေးချယ်ပေးနိုင်ရန်နှင့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရန်အတွက် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ကျေပွန်စွာဆက်လက်ထမ်းဆောင်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။