Skip to main content

ထိုင်းဘုရင်မင်းမြတ် ဘူမိဘောမွေးနေ့၊ ထိုင်းနိုင်ငံ၏ အမျိုးသားနေ့နှင့် Thailand's Father's Day အထိမ်းအမှတ်ဧည့်ခံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်

ရန်ကုန် ဒီဇင်ဘာ ၅

ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂျ်၏ မွေးနေ့၊ ထိုင်းနိုင်ငံ၏ အမျိုးသားနေ့နှင့် Thailand's Father's Day အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနေအိမ်၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးတက်ရောက်သည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Mongkol Visitstump နှင့် ဇနီး၊ တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ သံအမတ်ကြီးနှင့်ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ထိုင်းနိုင်ငံယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ သံအမတ်ကြီးနှင့်ဇနီးတို့က တက်ရောက်လာကြသူများကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ထိုင်းနိုင်ငံယဉ်ကျေးမှုအဖွဲ့မှ အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။

အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့်ဇနီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်