နေပြည်တော် ဒီဇင်ဘာ ၄
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်ကျွန်းမြို့နယ် ရွာသစ်ကျေးရွာရှိ သီရိမင်္ဂလာ မိုးကုတ်ဓမ္မရိပ်သာကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၈၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၁၆၂ ဦး၊ ခွဲစိတ်ရောဂါ ၂၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၈ ဦး၊ ကလေး ရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၁၂၀၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၅ ဦး၊ မျက်စိရောဂါ ၁၀၀ နှင့် သွားနှင့်ခံတွင်းရောဂါ ၄၂ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၅၈၃ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာလေးဦး၊ မျက်စိခွဲစိတ်လူနာ ခြောက်ဦး၊ သွားနုတ်/သွားဖာ ၂၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းစက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၈ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ထို့အပြင် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှပါရဂူများသည် ဒီဇင်ဘာ ၃ ရက် ည ၈ နာရီ ၁၆ မိနစ်ခန့်တွင် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)ပေါ်၌ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကျွန်းသာယာကျေးရွာအုပ်စု ညောင်ပိတ်ကျေးရွာနေ ဦးရဲနိုင်ထွန်း၏ ဇနီးဒေါ်ဖူးငုံလွှာ အသက် ၂၆ နှစ်၏ တတိယကိုယ်ဝန်ကို ကိုယ်အလေးချိန် ၆ ပေါင် ၁၀ အောင်စရှိ သားရတနာကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်ရောကလေးပါ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် ၎င်းကလေးငယ်အား တာဝန်ရှိသူများက ချီးမြှင့်ငွေများနှင့် ကလေးအသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ အဆိုပါကလေးငယ်သည် ယခုခရီးစဉ်တွင် ပထမဆုံးမွေးဖွားသည့် ကလေးငယ်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -
၁။ ကျွန်မနာမည်က မဖူးငုံလွှာပါ။ ညောင်ပိတ်ကနေပြီးလာခွဲတာပါ။ ခွဲရက်ကလည်းမလိုတော့ဘူး၊ သူများတွေကညွှန်ကြတယ်၊ ဒီမှာကရက်နီးလို့ရှိရင် တစ်ခါတည်းခွဲပေးသွားတယ်တဲ့၊၊ ဒီမှာမွေးတာက ပိုကောင်းတယ်ပေါ့။ ပိုက်ဆံမကုန်တဲ့အပြင် ထောက်ပံ့ကြေးလည်းရတယ်။ လူနာပေါ်မှာလည်း ဂရုစိုက်တယ်၊ တစ်ခါမှတော့ အဲဒီလိုမကြုံဖူးဘူး၊ အခုမှကြုံဖူးတာ၊ ဝမ်းလည်းဝမ်းသာပါတယ်။ အကုန်လုံးလည်း ကျေးဇူးတင်ပါတယ်။ ကိုယ်အဆင် မပြေတဲ့အချိန်မှာ ဒီလိုမျိုးကြုံတွေ့ရတာ တကယ်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ လာရောက်ကုသပါလို့၊ အကုန်လုံးလည်း အဆင်ပြေတယ်၊ ကောင်းလည်း ကောင်းပါတယ်။ နောက်ပြီးတော့ခွဲပေးတဲ့ ဆရာဝန်တွေကလည်းတော်တယ်။ အဲဒါကြောင့် အကုန်လုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
၂။ အဘွားရဲ့နာမည်က ဒေါ်လှဝင်းပါ၊ အသက်က ၆၄ နှစ်ပါ။ စခန်းချောင်းကြီးကျေးရွာကနေလာပြီး ဆေးလာကုတာပါ။ အရိုးအကြောလည်းပြတယ်၊ ဒီရောက်တော့ သွေးပေါင်တက်နေတော့ ECG ဆွဲပေးတယ်၊ အာထရာဆောင်းလည်းရိုက်ပြီးတော့ စစ်ဆေးပေးပါတယ်။ ကျောက်ကပ်တို့ အကုန်ကောင်းတယ်တဲ့၊ အဲဒီသွေးပေါင်တက်တဲ့ဟာကို အခုဆေးဆက်ပေးထားတယ်။ ဆေးဆက်သောက်ပါဆိုပြီးတော့ သူတို့ ဆေးပေးထားပါတယ်။ ခြေထောက်တွေကလေ အရိုးအကြောမှာပြနေရတာဆိုတော့ နည်းနည်းတော့ နာကျင်မှုတော့ရှိတာပေါ့၊၊ မြို့တွေမှာ သွားပြမယ်ဆိုရင်လည်း ကိုယ်တွေက အဲဒီလိုအမျိုးမျိုးတွေကို မစစ်ဆေးနိုင်တော့ အခက်အခဲတွေနည်းနည်းရှိတာပေါ့။ ဒီမှာကတော့ တစ်နေရာတည်းမှာတင် စုံစုံလင်လင်နဲ့ ပြသရတယ်၊ ဆေးကုရတယ်လေ။ အဲဒီလိုဆိုတော့ ကောင်းပါတယ်။ သက်သာပျောက်ကင်းအောင် စောင့်ရှောက်ကုသပေးတဲ့အတွက် အဖွဲ့အားလုံးကို ကျေးဇူးတင်ပါတယ်။
သတင်းစဉ်
