Skip to main content

စစ်တက္ကသိုလ်၏ အကြိမ် (၇၀) မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃

စစ်တက္ကသိုလ်၏ အကြိမ် (၇၀) မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုး၊ စစ်တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် သိန်းလွင်၊ စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များနှင့် ကျောင်းဆင်း အရာရှိများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။ ဆက်လက်၍ ပါမောက္ခချုပ်က ဝိဇ္ဇာဘွဲ့၊ စီးပွားရေးပညာဘွဲ့၊ သိပ္ပံဘွဲ့၊ ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူတို့အား သက်ဆိုင်ရာ ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် ပါမောက္ခချုပ်က ဘွဲ့ရရှိသူများအား ဘွဲ့များနှင့်လျော်ညီသော အမှတ်လက္ခဏာဖြစ်သည့် ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

၎င်းနောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းကြောင်း ကြေညာကာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။

စစ်တက္ကသိုလ်အနေဖြင့် ပထမအကြိမ်ဘွဲ့နှင်းသဘင်မှ ယခုအကြိမ် (၇၀) မြောက် ဘွဲ့နှင်းသဘင်အထိ ကျောင်းဆင်းအရာရှိပေါင်း ၃၄၃၆၅ ဦးကို အခြေခံဘွဲ့များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။