နေပြည်တော် ဒီဇင်ဘာ ၁
၂၀၂၅ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက် ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄)၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ရန် အန္တရာယ်ရှိသော ဦးတည်အုပ်စုဝင်များအတွက် ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ အိပ်ချ်အိုင်ဗွီဖြစ်ပွားမှုနှုန်းမြင့်မားသည့် ဦးတည်အုပ်စုဝင်များ ပိုမိုလက်လှမ်းမီနိုင်ရန် လူထုအခြေပြု အိပ်ခ်ျအိုင်ဗွီပဏာမ စစ်ဆေးခြင်းနှင့် အိပ်ချ်အိုင်ဗွီရှိ/မရှိ မိမိကိုယ်တိုင် ပဏာမသွေးစစ်ဆေးခြင်းများကိုလည်း ဦးတည်အုပ်စုဝင်များအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ် “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနေ့” ဆောင်ပုဒ်ဖြစ်သည့် "Overcoming disruption, transforming the AIDS response" “AIDS ရောဂါ တိုက်ဖျက်ဖို့ အခက်အခဲများကို ဖြေရှင်းလို့ အတူပူးပေါင်းဆောင်ရွက်စို့” ဆိုသည့်အတိုင်း အိပ်ချ်အိုင်ဗွီ ကာကွယ်ကုသရေးဝန်ဆောင်မှုများကို လူတိုင်းသာတူ ညီမျှ လက်လှမ်းမီရရှိရန်အတွက် ဦးတည်အုပ်စုဝင်များ၊ အိပ်ချ်အိုင် ဗွီပိုးရှိသူများအပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများ အားလုံးလက်တွဲပြီး အခက်အခဲများ ပူးပေါင်းဖြေရှင်းကာ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများကို ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ မြန်မာလူငယ်ကြယ်ပွင့်များ အိပ်ချ်အိုင်ဗွီလျှော့ချရေးအသင်း အလုပ်အမှုဆောင်ဥက္ကဋ္ဌက အိပ်ချ်အိုင်ဗွီပိုးနှင့် နေထိုင်သူများကိုယ်စား ဆွေးနွေးပြောကြားခြင်းနှင့် မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကိုကြည့်ရှုပြီး ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုသည်။
အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်သူလူထုအခြေပြု ကွန်ရက်များမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (The Global Fund) ရုံးချုပ်မှ Senior Fund Portfolio Manager Ms. Qi Cui ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၆ ခုနှစ်အတွက် ဝန်ကြီးဌာနနှင့် The Global Fund တို့အကြား ပူးပေါင်းဆောင်ရွက်မည့် တီဘီရောဂါ၊ ခုခံကျကာလ သားရောဂါနှင့် ငှက်ဖျားရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ၊ အေအာရ်တီဆေးဝါးများ၊ တီဘီဆေးဝါးများနှင့် ငှက်ဖျားရောဂါကုသရေးဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ The Global Fund မှ ကိုယ်စားလှယ်များတက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
