Skip to main content

ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ (GGI) ဆွေးနွေးပွဲနှင့်၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ် တရုတ် - မြန်မာ မီဒီယာဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြီးမှူးကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံဆွေးနွေး ပွဲနှင့် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့ Wyndham Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ သံမှူးကြီး၊ သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှဌာနမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှ Dr. Margaret Wong ၊ တရုတ်-မြန်မာမီဒီယာများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမေရိကန်၊ စင်ကာပူနှင့် ဗြိတိသျှပညာရှင်သုံးဦးတို့၏ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံများ အင်တာဗျူးဗီဒီယိုဖိုင်ကို ပြသသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက တရုတ်နိုင်ငံသည် ကုလသမဂ္ဂဗဟိုပြုသော နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာ ဥပဒေအခြေပြုသော နိုင်ငံတကာစည်းမျဉ်းစည်းကမ်းကို ခိုင်မာစွာကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး တန်းတူညီမျှစနစ်တကျရှိသော ဗဟုဝင်ရိုးကမ္ဘာအတွက် ထောက်ခံအားပေးမည်ဖြစ်ကာ တစ်ဖက်သတ်ပိတ်ဆို့ အရေးယူမှုများ၊ အခွန်မတရား ကောက်ခံမှုစသည်တို့ကို ဆန့်ကျင်သွားမည်ဖြစ်၍ ပွင့်လင်းမြင်သာပြီး ပူးပေါင်းဆောင်ရွက်သော၊ အပြန်အလှန်အကျိုးရှိသော ကမ္ဘာ့စီးပွားရေးကို တည်ဆောက်မည်ဖြစ်ရာ အားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို မြှင့်တင်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်မှု၏ အသီးအပွင့်များက ကမ္ဘာ့တောင်ဘက်ခြမ်းတွင် ကျယ်ပြန့်စွာအကျိုးရှိစေမည် ဖြစ်ကြောင်း။

တရုတ်-မြန်မာ နှစ်နိုင်ငံမှ မီဒီယာများ၊ တတ်သိပညာရှင်အဖွဲ့များနှင့် အနုပညာရှင်များက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံကို တက်ကြွစွာဖြန့်ဝေသူများ၊ ရှေ့လမ်းညွှန်သူများနှင့် တည်ဆောက်သူများအဖြစ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ အကောင်အထည်ဖော်ရန် ကောင်းမွန်သော လူထုထင်မြင်ချက်နှင့် လူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ အနာဂတ်ကို မြန်မာနိုင်ငံသားများကသာ ကိုယ်တိုင်ထုဆစ်ပုံဖော်ကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ ပြည်သူတို့၏ ငြိမ်းချမ်းသာယာသော အနာဂတ်ကိုဖန်တီးပေးနိုင်ရန်နှင့် အချုပ်အခြာအာဏာ အပြန်အလှန်လေးစားနိုင်ရန် ယခုလို GGI အဆိုပြုချက်များသည် များစွာလက်တွေ့ကျသည်ကို တွေ့ရှိရပါကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့်ဒေသတွင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ညီညွတ်မျှတမှုကို အခြေခံကာ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုများကို ရှောင်ရှားပြီး စစ်ပွဲများ၊ ပဋိပက္ခများလျော့ပါးရပ်စဲရန်၊ အင်အားကြီးနိုင်ငံများအနေဖြင့် အားနည်းသော နိုင်ငံများအပေါ် စာနာနားလည်ထောက်ထားကာ ထောက်ပံ့ကူညီရိုင်းပင်းမှုများဖြင့် အေးချမ်းသာယာ ငြိမ်းချမ်းသော ဒေသများအဖြစ် ကြိုးစားသွားကြရန်နှင့် အတိတ်၏ အဖြစ်အပျက်များအပေါ် သင်ခန်းစာယူခြင်းဖြင့် ငြိမ်းချမ်းသာယာသော ကမ္ဘာကြီး အဖြစ် ဝိုင်းဝန်းကြိုးစား တည်ဆောက်နိုင်ကြပါစေကြောင်း။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီး မှုဖြစ်သည့်ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်မြှင့်တင်ပြီး အနာဂတ်ကာလ၌ အိမ်နီးချင်းကောင်းများအဖြစ် ဆက်လက်ရပ်တည် နေထိုင် ဆက်ဆံသွားကြပါစို့ဟု ပြောကြားသည်။

ထို့နောက် တရုတ်-မြန်မာ မီဒီယာကိုယ်စားလှယ်များက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံနှင့် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလ ပတ်ဆွေးနွေးပွဲကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်