Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်‌တော်ယာဉ်၊ တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များနှင့် ရေယာဉ်ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၉ ရက်တွင် ဟားခါးမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၇ ရက်တွင် ပြည်မြို့နယ်၊ ဒိုက်ဦးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၀၉၃ တန်၊ အခြားသစ် ၈ ဒသမ ၉၇၄ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၆၇၄၂၄ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၇ ရက်တွင် ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၅၃၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Dyna တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) ကိုလည်းကောင်း၊ နိုဝင်ဘာ ၈ ရက်တွင် ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၉ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃၇၁၈၉၂၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Win Myanmar Light Truck တစ်စီး၊ Nissan Diesel Truck တစ်စီး၊ Nidi Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၃၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၈၃၇၁၉၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၉ ရက်တွင် မုတ္တမဆိပ်ကမ်း (လှိုင်သာယာ) ၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ (ID) ပါ ဖော်ပြချက်နှင့် ကိုက်ညီမှန်ကန်မှုရှိသည့် လုပ်ငန်းသုံးပစ္စည်းခြောက်မျိုးနှင့် လူသုံးကုန်ပစ္စည်းနှစ်မျိုးအား အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခွင့်ပြုပေးခဲ့ပြီး သွင်းကုန်ကြေညာလွှာ (ID) တွင် ဖော်ပြထားခြင်းမရှိသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများဖြစ်သည့် လုပ်ငန်းသုံးပစ္စည်း ၇၃ မျိုး၊ စားသောက်ကုန်ပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၃၅၈၇၈၅၂၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် MV. Sea Lion 5 ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၈၅၈၇၈၅၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၉ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၁၆၂၁၇၈၆၄) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားအထိုးပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီးနိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကို ပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

သတင်းစဉ်