မန္တလေး နိုဝင်ဘာ ၁၁
မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မန္တလေးမြို့မ အပျော်တမ်းတူရိယာအသင်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၁၉၂၅ ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် မြို့မအပျော်တမ်းတူရိယာ အသင်းကြီးမှာ မကြာမီ နှစ် (၁၀၀) ပြည့်တော့မည်ဖြစ်ပါကြောင်း၊ မန္တလေးနှင့် မြို့မအပျော်တမ်းတူရိယာအသင်းကြီးမှာ ခွဲခြား၍မရပါကြောင်း၊ မြို့မိမြို့ဖများနှင့်အတူ ရှင်သန်ရပ်တည်လာခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်မန္တလေးမြို့၏ ပြယုဂ်မြို့မအပျော်တမ်းတူရိယာအသင်းကြီးဖြစ်ပါကြောင်း၊ မြို့မိမြို့ဖများ၏ အစဉ်ထာဝရအားပေးနေမှု၊ အသင်းသူအသင်းသားများ၏ ညီညွတ်မှုနှင့် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့မှုတို့ဖြင့် နှစ် (၁၀၀) တိုင်ခရီးသို့ ရောက်တော့မည်ဖြစ်ပါကြောင်း၊ အသင်းကြီးရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ပါကြောင်း၊ နှစ် (၁၀၀) ပြည့်ပွဲတော်အခမ်းအနားကို ရတနာပုံခန်းမ၌ နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးထားပြီး လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးမြို့ မြို့မအပျော်တမ်းတူရိယာအသင်းဥက္ကဋ္ဌ ဒေါက်တာ လှခိုင်က မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်းကြီး နှစ် (၁၀၀) ပြည့် ရာပြည့်အကြိုအဖြစ် အထိမ်းအမှတ်မဂ္ဂဇင်းထုတ်ဝေခြင်း၊ နိုင်ငံကျော်အနုပညာရှင်များနှင့် မြို့မတူရိယာပင်တိုင်အဆိုရှင်များ ပူးပေါင်း၍ အမှတ်တရတေးသီချင်းများ (အခမဲ့) ထုတ်ဝေဖြန့်ဝေခြင်း၊ မြို့မတေးသီချင်းများ အဆိုပြိုင်ပွဲများ ဆောင်ရွက်နေခြင်း၊ အထိမ်းအမှတ်မဂ္ဂဇင်းနှင့် အမှတ်တရတေးသီချင်းများကို နိုဝင်ဘာလလယ်တွင် ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများ၊ ရာပြည့်အခမ်းအနားတွင် ထည့်သွင်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများက ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ပြောကြားပြီး အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများက ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
