Skip to main content

ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကျင်းပသည့် (၇၅) ကြိမ်မြောက် စိန်ရတုဗုဒ္ဓဝင်နှင့် (၃၈) ဖြာ မင်္ဂလာတရားတော်စာမေးပွဲ အောင်မြင်စွာဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော် နိုဝင်ဘာ ၉

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဗဟိုမှကြီးမှူး၍ ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကျင်းပသည့် (၇၅)ကြိမ်မြောက် စိန်ရတုဗုဒ္ဓဝင်နှင့် (၃၈)ဖြာမင်္ဂလာတရားတော် စာမေးပွဲဖြေဆိုပွဲ၌ အောင်မြင်စွာဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကန်အောက်ရပ်ကွက်၊ သာသနာလင်္ကာရကမ္ဗောဇ၊ သာသနာ့ဗိမာန်(၅)ထပ်ဆောင်၌ ပြုလုပ်ရာ တောင်ကြီးမြို့ စွန်းလွန်းဂူကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတမဟာကမ္မဌာနစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့်တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက အေးစေတီပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တလက္ခဏာသာမိထံမှ (၅) ပါး သီလခံယူဆောက်တည်ကြသည်။ ထို့နောက် သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက ပြည်နယ်သံဃာ့နာယကဥက္ကဋ္ဌ ဘဒ္ဒန္တတေဇဝန္တထံမှ ဩဝါဒခံယူကာ သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုသို့ သွားရောက်ဆုယူကြမည့် ကျောင်းသား/ကျောင်းသူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းကြသည့် အလှူငွေများကို တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး စာဖြေဌာနအလိုက် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများနှင့် အထူးအောင်မြင်သူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။