နေပြည်တော် နိုဝင်ဘာလ ၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ/ စစ်သည်၊ မိသားစုဝင်တို့၏ စုပေါင်းလှူဒါန်းမှုဖြင့်တည်ထားကိုးကွယ်သော ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်နှင့် မဟာဗောဓိပင်ဂြိုဟ်ရှစ်ခွင် ဗုဒ္ဓရုပ်ပွားတော်များအား ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင် အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒာသီရိအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးနှင့်တာဝန်ရှိသူများ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ သံဃာတော်များက ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်နှင့် မဟာဗောဓိပင်ဂြိုဟ်ရှစ်ခွင်ဗုဒ္ဓရုပ်ပွားတော်များအား ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင် ပူဇော်ကြသည်။ ထို့နောက် တပ်နယ်ဓမ္မာရုံ၌ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက နန္ဒာရာမပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ စစ်တွေမြို့၊ ရွှေစေတီကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအရိယဝံသထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
