Skip to main content

ပြည်သူ့အလုပ်သမားပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် နိုဝင်ဘာ ၈

ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင် က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည် -

အဆိုပါ ဟောပြောချက် စာမူအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁။ မဲဆန္ဒရှင်လုပ်သားပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းတို့ဖြင့် ပြည့်စုံပါစေကြောင်း ဦးစွာပဏာမ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား။

ကျွန်တော်ကတော့ ပြည်သူ့အလုပ်သမားပါတီကိုယ်စား ဟောပြောမယ့် ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌတာဝန်ကို ယူထားတဲ့ ဦးကျော်ဇင် ဖြစ်ပါ တယ်။ ကျွန်တော်တို့ပါတီဟာဆိုရင် ၂၀၁၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ယခုဆိုရင် သက်တမ်းအားဖြင့်(၈)နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ(၈)နှစ် တာကာလအတွင်းမှာ ကျွန်တော်တို့ ပြည်သူ့အလုပ်သမားပါတီအနေဖြင့် လုပ်သားပြည်သူအပေါင်းတို့ကို ကျွန်ုပ်တို့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဥပဒေဘောင်အတွင်းမှနေပြီး ကူညီဆောင်ရွက်ပေးခဲ့မှုများကို ပါတီနှင့်နီးစပ်သူများနဲ့ လာရောက်အကူအညီတောင်းခံခဲ့ကြတဲ့ကာယကံရှင်လုပ်သားပြည်သူများ အသိပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီအနေဖြင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတို့တွင် ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။ ယခုအစိုးရလက်ထက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအသစ်နဲ့ ပြန်လည်မှတ်ပုံတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းရုံးမည့်ပါတီ အနေဖြင့် ယခုကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၌ကျွန်တော် ဦးကျော်ဇင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဦးရန်နောင်စိုးမြင့်၊ ရွှေပြည်သာမြို့နယ်တွင် ဦးညွန့်ဝင်းတို့က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 

၂။ လုပ်သားပြည်သူအပေါင်းတို့ခင်ဗျား - ကျွန်တော်တို့ပါတီရဲ့ အခြေခံမူဝါဒနှင့်လမ်းစဉ်ကို ဦးစွာတင်ပြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီ တည်ထောင် စဉ် ကတည်းက ချမှတ်ထားတဲ့ အဓိက မူဝါဒကတော့ လူလူချင်းခွဲခြားဆက်ဆံမှုကင်းဝေးပြီး နိုင်ငံသားလုပ်သားပြည်သူတိုင်း ဥပဒေရဲ့အောက်တွင် တန်းတူညီမျှအခွင့်အရေးရရှိဖို့ အရေးပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေဟာ ဆိုရင်ဖြင့် ကျွန်တော်တို့နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် အင်မတန်မှအရေးကြီးလှပါတယ်။ ရွေးကောက်ပွဲလမ်းစဉ်ဖြင့်သာ ပြည်သူအပေါင်း လိုလားသောကိုယ်စားလှယ်ကို ရွေးချယ်နိုင်မှာဖြစ်သလို ရွေးကောက်ပွဲနည်းလမ်းတစ်ခုတည်းနှင့်သာ ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ပေါက်အောင် ဆောင်ရွက်နိုင်မည်ကို ပြည်သူအားလုံးအသိပင်ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီအားလုံး ဥပဒေနှင့်အညီ တန်းတူအခွင့်အရေးရရှိရေး၊ ဥပဒေနှင့်အညီလွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်ရေးအပြင် မဲဆန္ဒရှင်များမှန်ကန်တိကျစေရေးနဲ့ မဲပေးနိုင်မယ့် လူတိုင်းမဲပေးခွင့်မဆုံးရှုံး စေရေးတို့အတွက် ဥပဒေနှင့်အညီ မဲစာရင်းများ မှန်ကန်စွာဆောင်ရွက်နိုင်မှသာလျှင် စစ်မှန်၍တရား မျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်မယ်ဆိုတာကို ပြောကြားလိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးကာလတို့တွင် ကျွန်တော်တို့ တစ်ပါတီချင်းသော် လည်းကောင်း၊ ပါတီများစုပေါင်း၍ သော်လည်းကောင်း ထိုအချိန်ကတာဝန်ယူခဲ့သော ရွေးကောက်ပွဲကော်မရှင်သို့ မဲဆွယ်စည်းရုံးမှုများတွင် တရားမျှတမှုမရှိခြင်း၊ မဲစာရင်းများမှားယွင်းနေခြင်း တို့ကို အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း လျစ်လျူရှုခြင်းခံခဲ့ရတာကိုလည်း အသိပေးပြောကြားလိုပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲရဲ့ မဲစာရင်းမှားယွင်းမှု၊ မဲမသမာပြုမှုတို့ကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရတာ အားလုံး အသိပင်ဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိတာဝန်ယူထားတဲ့ အစိုးရအနေနဲ့ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ရွေးကောက်ပွဲကြီးကို ကျင်းပပေးခြင်းအပေါ် ကျွန်တော်တို့နိုင်ငံရေးပါတီများသာမက လုပ်သားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ခြင်းဖြင့် မိမိတို့ရဲ့အခွင့်အရေးကိုမိမိတို့လက်နဲ့ ပြန်လည်ရယူပြီး ပါတီစုံဒီမိုကရေစီလမ်းပေါ် ပြန်လည်လျှောက်လှမ်းရမည်ဖြစ်ပါတယ် ခင်ဗျား။

၃။ ကျွန်တော်တို့ပါတီအနေဖြင့် ပြည်သူများရွေးကောက်တင်မြှောက်လိုက် တဲ့ ပြည်သူ့ကိုယ်စား လှယ်တွေပါဝင်တဲ့ လွှတ်တော်ကြီးပေါ်ပေါက်လာတဲ့အခါ အဓိကထားဆွေးနွေးလိုတာကတော့ ပြည်တွင်းငြိမ်းချမ်းရေးကဏ္ဍပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းမှုမရှိရင်ဖြင့် မည်သည့်အစိုးရအုပ်ချုပ် အုပ်ချုပ်တိုင်း ပြည် တိုးတက်ဖို့ရာ ဝေးနေဦးမှာဖြစ်ပါတယ်။ အဓိကအားဖြင့် ကျွန်တော်တို့ တိုင်းပြည် ဟာ အိမ်နီးချင်းနိုင်ငံ တွေနဲ့ယှဉ်ရင် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့တယ်ဆိုတာပြည်တွင်းပဋိပက္ခတွေရဲ့ ဒုက္ခပေးမှုလို့ပဲတင်ပြချင်ပါတယ်။ ပြည်တွင်းပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေမှာဆိုရင်ဖြင့် ပညာရေး၊ ကျန်းမာရေးကအစ နှောင့်နှေးကြန့်ကြာနေမှာဖြစ်သလို ကျန်ဒေသတွေမှာဆိုရင်ဖြင့်လည်း စီးပွားရေး ဖွံ့ဖြိုး သင့်သလောက်မဖွံ့ဖြိုးဘဲ လူမှုအဆင့်အတန်း နိမ့်ကျနေတယ်ဆိုတာကို လုပ်သားပြည်သူတို့ မျက်မြင်ပဲဖြစ်ပါတယ်။ အဲ့ဒီလို လူမှုဘဝမစည်ပင်တာ ကြောင့် ကျွန်တော်တို့နိုင်ငံသားအလုပ်လုပ်နိုင်တဲ့ အရွယ်တွေဟာဆိုရင်ဖြင့် နိုင်ငံရပ်ခြားတွေမှာ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သက်ဆိုင်ရာ နိုင်ငံက သူတွေ မလုပ်ချင်တဲ့အလုပ်၊ မလုပ်နိုင်တဲ့အလုပ်တွေကို လုပ်ကိုင်နေရတာဆိုရင် ဖြင့် စစ်တမ်းများအရ တစ်နှစ်ထက်တစ်နှစ်တိုးလာတာကို ဝမ်းနည်းစွာတွေ့ရှိရပါတယ်။ အဲ့ဒီလိုဖြစ်ရတာဟာ နိုင်ငံသားတွေ မှာသာ ထိခိုက်ရုံသာမက နိုင်ငံတော်အတွက်လည်းလုပ်အားဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်စေတဲ့အတွက် ကုန်ထုတ်စွမ်းအားကျဆင်းပြီး နိုင်ငံဖွံ့ဖြိုးမှု နောက်ကျစေတယ်လို့ ကျွန်တော် မြင်မိပါတယ်။ ဒါ့အပြင် ထာဝရငြိမ်းချမ်းရေးနဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားအချင်းချင်း အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှုများထားရှိကာ နားလည်မှုတည်ဆောက်ရမှာ ဖြစ်တဲ့အပြင် တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ရေး၊ အပြန်အလှန်ချစ်ကြည် လေးစားရေး၊ ရိုင်းပင်းကူညီရေးတို့ အစဉ်ဖြစ်ထွန်းနေမှသာ ကျွန်ုပ်တို့ ပြည်ထောင်စုကြီးထာဝရမပြိုကွဲဘဲ အစဉ်ထာဝရ ရပ်တည်နိုင်ရေးအတွက် ကျွန်တော်တို့ ပြည်သူ့အလုပ်သမားပါတီအနေဖြင့် နိုင်ငံတော်မှ အကောင် အထည်ဖော်လျက်ရှိတဲ့ ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် တစ်ခုတည်း သောလမ်းကြောင်းဖြစ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းကို အစဉ်အလေးထား ထောက်ခံသွားမည် ဖြစ်သည့်အပြင် ပြည်သူအပေါင်းတို့ကလည်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ် အပြည့်နဲ့ ပူးပေါင်းပါဝင်ကြဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ 

၄။ လုပ်သားပြည်သူများခင်ဗျား - လူမှုစီးပွားဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံ၊ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဆိုရင်ဖြင့် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့် မှုတို့ကြောင့် လုပ်သားပြည်သူတွေဟာဆိုရင် ရတဲ့လုပ်ခလစာနဲ့ စားဝတ်နေမှုကို ဖြေရှင်းဖို့ ခက်ခဲတယ်ဆိုတာတွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းဖို့ဆိုရာတွင် ကျွန်တော်တို့ပြည်တွင်းလိုအပ်ချက်တွေကို ပြည်ပကနေတင်သွင်းမှုနည်းအောင် ပြည်တွင်းမှာ ကိုယ်ပိုင်ထုတ်လုပ်နိုင်အောင်ဆောင်ရွက်ဖို့ အဓိကလိုအပ်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက်ကလည်း အခြေခံအဆောက်အအုံတွေဖြစ်တဲ့ နေရာနဲ့ကုန်ကြမ်းကျွန်တော်တို့ တိုင်းပြည်မှာရှိပါသော်လည်း နည်းပညာနဲ့ လျှပ်စစ်ကဏ္ဍတွင် အားနည်းတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်ခင်ဗျာ။ ကြားသိ ရတဲ့သတင်းများအရ နိုင်ငံတော်တွင် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အဏုမြူစွမ်းအင်အသုံးပြုပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်အောင် ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတော်အကြီးအကဲ ရုရှားနိုင်ငံသို့ သွားရောက်တဲ့ ခရီးစဉ်မှာလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အနာဂတ် ကျွန်တော်တို့နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တော့မှာဖြစ်ပါတယ်။ အဓိက လိုအပ်တဲ့ နည်းပညာအတွက်ဆိုရင်ဖြင့် ကျွန်တော်တို့ နိုင်ငံသားတွေ ပညာတတ်ဖို့ လိုအပ်ပါတယ်။ အမျိုးသားပညာရေးအခန်းကဏ္ဍကို ပြောကြားရလျှင်၎င်းနဲ့ ဆက်စပ်နေတဲ့ အမျိုးသားကျန်းမာရေး ကဏ္ဍကိုပါ ထည့်သွင်းပြောကြားရမှာဖြစ်ပါတယ်။ ကျန်းမာရေးမပြည့်စုံရင်ဖြင့်ပညာရေး လည်းမလုပ် နိုင်သလို အခြားအခြားသော မည်သည့်ကိစ္စကိုမျှ ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ အမျိုးသားကျန်းမာရေး ကဏ္ဍကို ဆောင်ရွက်ရာမှာလည်း ယနေ့ လူငယ်တွေရဲ့ ကျန်းမာရေးဟာ လွန်စွာမှ အရေးကြီးလှပါတယ်။ ယနေ့လူငယ်များဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ရင်ဖြင့် ကျွန်တော်တို့အနေနဲ့ လွန်စွာမှအားမရပါဘူး။ အဓိကအားဖြင့် လူငယ်များကျန်းမာကြံ့ခိုင်ဖို့ဆိုတာ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ဖို့နဲ့ သင့်တင့်သော ကျန်းမာရေးလိုက်စားမှုများ ပြုလုပ်စေရေး တို့ကို အလေးထားဆောင်ရွက်မှာ ဖြစ်ပါတယ်။ သို့မှသာ တိုင်းပြည်အတွက် အားကိုးအားထားပြုရမယ့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူ့အလုပ်သမားပါတီအနေနဲ့ တတ်စွမ်းသမျှပြည်သူတွေရဲ့ လူမှုဘဝကို ကာကွယ်ဖို့၊ လူငယ်တွေဘဝကို ကာကွယ်ဖို့မူးယစ်ဆေးတိုက်ဖျက်ရေးကို အလေးထားလုပ် ဆောင်သွားမှာ ဖြစ်ပါတယ်။ ပညာရေးမှာကြည့်ပြန်တော့လည်း စီးပွားရေးကအဆင်မပြေလို့ ပညာရေးတစ်ပိုင်းတစ်စနဲ့တင် အဆုံးသတ်လိုက်တာက များလာတာကို တွေ့ရတဲ့အတွက်လည်း ပညာတတ်ရှားပါးမှုကို ရင်ဆိုင်လာရပါတယ်။ ဒီလိုသာတဖြည်းဖြည်းနဲ့ ပညာရေးဘက်မှာ အားနည်းလာရင် ကျွန်တော်တို့တိုင်းပြည်ဟာ အနာဂတ်မှာ ဒုက္ခဖြစ်ဖို့သာ ရှိပါတော့တယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူ့အလုပ်သမားပါတီအနေဖြင့်လည်း အမျိုးသားပညာရေးနဲ့အမျိုးသား ကျန်းမာရေးကဏ္ဍကို အမျိုးသားရေးအမြင်နဲ့ ဦးစားပေးဆောင်ရွက်ရန် အစဉ်အလေးထား တိုက်တွန်း သွားမှာဖြစ်သည့်အပြင် ပါတီအနေဖြင့်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကူညီဆောင်ရွက် သွားပါမည်ဖြစ်ကြောင်း ပြော ကြားလိုပါတယ်။

၅။ လုပ်သားပြည်သူများခင်ဗျား - ဆက်လက်၍ ကျွန်တော်တို့ ပြည်သူ့အလုပ် သမားပါတီရဲ့နိုင်ငံရေးမူဝါဒကိုတင်ပြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီအနေဖြင့် အမျိုးသားရေးကို ဘယ်သောအခါမျှ သစ္စာဖောက်မှာ မဟုတ်ဘူး ဆိုတာကို ရဲရဲကြီးအာမခံပါတယ်။ အမျိုးဘာသာ၊ သာသနာကို ဘယ်တော့မှ ကိုယ်တိုင်လည်း မစော်ကားသလို တစ်ပါးသူထိပါးစော်ကားလာရင်လည်းလုံးဝ လက်ခံမှာမဟုတ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုကြီးအကျိုးကို နိုင်ငံရေးနဲ့ အစဉ်တည်တံ့စေရန် ဆောင်ရွက်တဲ့အခါမှာ အမျိုးသားရေးကို သစ္စာမဖောက်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲ ဆောင်ရွက်နိုင်တယ်ဆိုတာလည်း ပြောကြားလိုပါတယ်။ အဓိကအနေနဲ့ ဒို့တာဝန်အရေး (၃) ပါးကို ကာကွယ်သောမြန်မာ့တပ်မတော်ကို အမျိုးသားနိုင်ငံရေးလုပ်သောအဖွဲ့အစည်းအမြင်နဲ့ အစဉ်လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်းကို ပြောကြားလိုပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးကို လေ့လာကြည့်ရင် ၎င်းတို့ရဲ့အမျိုးသားအကျိုးစီးပွားကို အဓိကထားတာတွေ့ရှိရပါတယ်။ ကျွန်တော်တို့ နိုင်ငံကို ကျွန်တော်တို့တိုင်းရင်းသားများလောက် ဘယ်ပြည်ပနိုင်ငံသားကမှ ပိုအလေးထား၊ ပိုချစ်တယ်ဆိုတာ ယုံနိုင်စရာမရှိပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ တိုင်းရင်း သားလုပ်သားပြည်သူတို့ရဲ့ စည်းရုံး စုပေါင်းမှုနှင့် ပြည်ထောင်စုကြီးရဲ့အကျိုးစီးပွားကို ဝိုင်းဝန်းကာကွယ်ရမှာဖြစ်ပါတယ်။ ကမ္ဘာ့သတင်းတွေ ကိုကြည့်ရုံဖြင့် မိမိနိုင်ငံရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ အားနည်းတဲ့ နိုင်ငံတွေဟာဆိုရင်ဖြင့် တိုင်းတစ်ပါး ဩဇာခံဖြစ်သွားကြတာကို ကျွန်တော် တို့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဥပမာတွေကို သင်ခန်းစာယူပြီး ကျွန်တော်တို့ တိုင်းပြည်အနေဖြင့် တိုင်းရင်းသားအား လုံးစည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ပါမှ ကျွန်တော်တို့ ပြည်ထောင်စုကြီး ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း အလေး အနက်ထား ပြောကြားလိုပါတယ်။ 

၆။ ဆက်လက်၍ အထွေထွေကဏ္ဍကို ဆွေးနွေးပြောကြားရလျှင် တိုင်းရင်း သားပေါင်းစုံ စုပေါင်းနေထိုင်တဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးရဲ့ သမိုင်းကို ပြန်ကြည့်ရင်ဖြင့် အလုပ်သမား၊ လယ်သမား၊ နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားနေသော ကျောင်းသားလူငယ်များဟာဆိုရင်ဖြင့် မိမိပစ္စုပ္ပန်မှာ လုပ်ဆောင်နေတဲ့ကိစ္စတွေကို တာဝန်တစ်ရပ်လို တာဝန်ကျေပွန်စွာလုပ်ဆောင်နိုင်ပါမှ နိုင်ငံတော်ကြီးဟန်ချက်ညီညီ တိုးတက်မည်ကိုလည်း သတိချပ်စေချင်ပါတယ်။ အိမ်ရှင်မတစ်ဦးအနေဖြင့် ထမင်းချက်နေသည်ပင်လျှင် နိုင်ငံရေးနဲ့ပတ်သက် နေတယ်လို့ဆိုချင်ပါတယ်။ ထိုနည်းတူစွာပဲ ပညာကိုကောင်းမွန်စွာသင်ကြား ခြင်းဟာလည်း နိုင်ငံတော်ကို တစ်နည်းတစ်ဖုံ ပံ့ပိုးနေခြင်းဖြစ်တယ်လို့ ဆိုနိုင် ပါတယ်။ ကျွန်တော်တို့တွေ့ကြုံခဲ့ရတဲ့ ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်မှာဆိုရင် ပညာသင်ကြားရမယ့် ကလေးသူငယ်တို့ကိုလည်း အနှောင့်အယှက်ဖြစ်စေဖို့ လုပ်ဆောင်ခဲ့ကြတာတွေ၊ နိုင်ငံ့ဝန်ထမ်း တွေကိုလည်း ၎င်းတို့တာဝန်ဝတ္တရားများ ကောင်းမွန်စွာမထမ်းဆောင်နိုင်စေရန် အမျိုးမျိုးနှောင့်ယှက် ခဲ့ကြတာကို ကျွန်တော်တို့ မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီလိုလုပ်ခဲ့တဲ့ ရလဒ်နဲ့အကျိုးဆက် အနေဖြင့် ဘာတွေခံစားခဲ့ရတယ်ဆိုတာကို လုပ်သားပြည်သူတို့ အသိပင် ဖြစ်ပါတယ်။ အဲ့ဒီလိုပြုမူခဲ့ကြခြင်းရဲ့ ရလဒ်အနေနဲ့ ထိခိုက်နစ်နာမှုကို ခံစားရသည်မှာ ကျွန်တော်တို့လုပ်သားပြည်သူများနဲ့ ကျွန်တော်တို့ နိုင်ငံတော် ပင်ဖြစ်ပါတယ်။ ဖြစ်ခဲ့တဲ့အတိတ်ဖြစ်စဉ်တွေကို ကျွန်တော်တို့သင်ခန်းစာယူပြီး နောက်နောင် အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းကာကွယ်ခြင်းဖြင့် လူငယ်တို့ရဲ့ အနာဂတ်ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွားကို ဝိုင်းဝန်းကာကွယ်ကြရမည်ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။ 

၇။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရာတွင် အဂတိတရားကင်းရှင်းဖို့လည်း လိုအပ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများ အဂတိတရားကင်းရှင်းဖို့ဆိုရာဝယ် ၎င်းတို့မိသားစုစားဝတ်နေမှု ဖူလုံလုံလောက်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်။ အဲဒီတော့ ခေတ်မီတိုးတက်မှုနဲ့အတူ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကို ကာမိနိုင်အောင် လစာရရှိပါမှ နိုင်ငံ့ဝန်ထမ်းများဘဝ လူတန်း စေ့နေနိုင်မည်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့ရှိနေရတဲ့ အငြိမ်းစားဝန်ထမ်းတွေရဲ့ဘဝကို ဥပမာအနေနဲ့ တင်ပြလိုပါတယ်။ တစ်သက်လုံးနိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်လို့ပင်စင်ယူတဲ့အခါ နေစရာကမရှိ၊ ကြီးမြင့်လှတဲ့ အိမ်ငှားခတို့ရဲ့ နှိပ်စက်မှု၊ ကုန်ဈေးနှုန်းကို လိုက်မမီတဲ့ ပင်စင်လစာတို့ကြောင့် အသက်အရွယ် အိုမင်းမစွမ်းကာမှ အတိ ဒုက္ခရောက်နေရတာကို စိတ်မကောင်းစွာတွေ့မြင်နေရပါတယ်။ ယခုသတင်းများအရ စစ်မှုထမ်းအိမ်ရာ ဖော်ဆောင်နေမှုကို နိုင်ငံတော်အကြီးအကဲသွား ရောက်ကြည့်ရှုစစ်ဆေး နေတာတွေ့ရလို့ တပ်မတော်သားဟောင်းကြီးများ အတွက် ကျွန်တော်တို့ လွန်စွာ ဝမ်းမြောက်မိပါတယ်။ အဲ့ဒီလိုပဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင် အခြားခြားသော နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင် ခဲ့ပါသော ဝန်ထမ်းကောင်းဖြစ်ခဲ့တဲ့ ဝန်ထမ်းဟောင်းကြီးများအတွက်လည်း စိတ်အေးသက်သာစွာ နေထိုင်နိုင်ရန် အတွက် ကျွန်တော်တို့ ပြည်သူ့အလုပ် သမားပါတီအနေဖြင့် အစဉ်တိုက်တွန်း ဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါတယ်။

၈။ ကျွန်တော်တို့ ပြည်သူ့အလုပ်သမားပါတီအနေဖြင့် လုပ်သားပြည်သူများကို ဘာတွေလုပ်ပေး မယ်ဆိုပြီး ကျွန်တော်တို့ ဘယ်သောအခါမှ လိမ်လည်ကတိ ပေးနေမှာ မဟုတ်ပါဘူး။ ပြည်သူ လိုအပ်တာကို လုပ်ပေးမယ်ဆိုပြီးတော့လည်း အိပ်မက်တွေပေးနေမှာမဟုတ်ပါဘူး။ အိပ်မက်ဆိုတာ အိပ်ရာကနိုးရင် အားလုံး ပျောက်ကွယ်သွားမဲ့အရာတွေပါ။ ကျွန်တော်တို့အနေနဲ့ စွမ်းအားရှိသလောက် လုပ်သားပြည်သူတို့နဲ့အတူ မတရားမှုတို့ကို ဥပဒေနဲ့အညီ တိုက်ပွဲဝင်ပါ့မယ် ဆိုတဲ့ ကတိကို ကျွန်တော်တို့ ပြည်သူ့အလုပ်သမားပါတီအနေနဲ့ သေချာပေး နိုင်ပါတယ်။ ဒါ့အပြင် လုပ်သားပြည်သူတို့ဘက်ကလည်း စစ်မှန်၍ စည်းကမ်း ပြည့်ဝသောဒီမိုကရေစီတိုင်းပြည်ကြီး ပေါ်ထွန်းလာအောင် မဲရုံသို့သွားရောက်ပြီး မပျက်မကွက် နိုင်ငံသားတာဝန်ကျေပွန်အောင် မဲပေးကြပါလို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါ တယ်ခင်ဗျာ။