နေပြည်တော် နိုဝင်ဘာ ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမတွင်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ ပို့ကုန်သွင်းကုန်များ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေမှု၊ ကမ္ဘာ့ဈေးကွက်တွင် ဧရာဝတီတိုင်း ဒေသကြီး၏ အဓိကထွက်ကုန်များဖြစ်သော ဆန်၊ ပဲ၊ ပြောင်း၊ ရေထွက်ကုန်များ၏ ဈေးကွက်ဝင်မှုနှင့် နိုင်ငံတော်၏ဝင်ငွေကိုရရှိအောင် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ကမ္ဘာ့ဈေးကွက်တွင် ပို့ကုန်များ၏ ဈေးနှုန်းပြောင်းလဲလာခြင်းကြောင့် ဈေးကွက်ဝင်ပို့ကုန်များဖြစ်စေရေး၊ အရည်အသွေးကောင်းမွန်စေ ရေး၊ စိုက်ပျိုးနည်းစနစ်များနှင့် ကြိတ်ခွဲစက်များ ကောင်းမွန်စေရေးအတွက်နိုင်ငံတော်မှ သွင်းအားစုများနှင့် စက်အရန်ပစ္စည်းများ ပြည်ပမှတင်သွင်းပေးမှု တို့ကိုရှင်းလင်းပြောကြားပြီး အသင်းအဖွဲ့များအနေ ဖြင့်လည်း လုပ်ငန်းရှင်များ၏ အခက်အခဲများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်နှင့် နိုင်ငံတော်နှင့် ပြည်သူပူးပေါင်း၍ နိုင်ငံ့စီးပွားရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးသည် စပါး/ဆန်အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် စပါးကျီဖြစ်သည်နှင့်အညီ မိုး/နွေ စပါး၊ ဆီထွက်သီးနှံ များနှင့် ပဲပုပ်စိုက်ပျိုးခြင်းကိုလည်း လျာထားချက်အတိုင်း စိုက်ပျိုးဆောင်ရွက်လျက် ရှိပါကြောင်း၊ ပေါ်ဆန်းနှင့် ပတ်သက်၍ Brand ထုတ်ကုန်ဖြစ်အောင် အထူးကြိုးစားဆောင်ရွက်နေပါကြောင်း၊ Export Zone ထူထောင်ခြင်း၊ Contract Farming ဆောင်ရွက်ခြင်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပီလောပီနံသီးနှံကိုလည်း တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ယခင်နှစ်ထက် ပိုမိုထုတ်လုပ်တင်ပို့ နိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ARCCI) ဥက္ကဋ္ဌ၊ တိုင်း ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် ဆန်နှင့်ဆန်ထွက်ပစ္စည်း ပြည်ပသို့ တိုက်ရိုက်တင်ပို့သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက ဒေသထွက်ကုန်သီးနှံများပြည်ပသို့ တင်ပို့နိုင်မှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
သတင်းစဉ်
