Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဝါးခယ်မမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၈

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဒေသခံ ရပ်မိရပ်ဖများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ စက်ရုံဓမ္မရိပ်သာ ဘုန်းတော်ကြီး ကျောင်း၌ကျင်းပသည့် ပန်းပေါင်းစုံ ဘုရားအဆူ(၁၁၀၀) အနေကဇာ တင်လှူပူဇော်ပွဲသို့ တက်ရောက် ကြည်ညိုသည်။

ဦးစွာ ကျုံမငေးမြို့ စက်ရုံဓမ္မ ရိပ်သာကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော် ဩဝါဒါစရိယ ဘဒ္ဒန္တသုမနအမှူးပြုသော ဆရာတော်ကြီးများက ကျုံမငေးမြို့ရှိ မြို့ပေါ်ရပ်ကွက်များ၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ ကြည်ညိုပူဇော်နိုင်ရန် လှူဒါန်းမည့် ပန်းပေါင်းစုံ ဘုရားအဆူ(၁၁၀၀)ကို အနေကဇာ တင်လှူပူဇော်ကြသည်။

ထို့နောက် စက်ရုံဓမ္မရိပ်သာ ကျောင်းတိုက် ဆရာတော်ကြီးနှင့် ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ ယောဂီများအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး စက်ရုံဓမ္မရိပ်သာကျောင်း တိုက်ဆရာတော် ကြီးအား သိက္ခာတော်ထပ် မင်္ဂလာအခမ်းအနားကျင်းပ၍ ကျောင်းတိုက်အတွင်းရှိ ဆရာတော်ကြီးများအား သိမ်ဆင်းလောင်းလှူပူဇော်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ အနုမောဒနာတရား နားယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ ဝါးခယ်မမြို့ ရွှေခယ်သီရိခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများစုပေါင်း၍ မဲစာရင်းမှန်ကန်ရေးအတွက် မြေပြင်လူဦးရေ တိုက်ဆိုင် စိစစ်ဆောင်ရွက်နေမှု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများကအိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက် ပေးနေမှု၊ နိုင်ငံသားကတ်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biographic/Biometric ကောက် ယူကာ Unique ID နံပါတ် ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းဆောင်ရွက်နေသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်မှာကြားကာ ဌာနအလိုက် တာဝန်ခံများကို အလှူရှင်များ လှူဒါန်းသည့်စားသောက်ဖွယ်ရာနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဆိုလာမီးလုံးများ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်