Skip to main content

အမှန်ကို အမှန်အတိုင်း ရှုမြင်

၂၀၂၀ ပြည့်နှစ် မဲမသမာမှုများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဖြစ်ရပ်များနှင့် အကျိုးဆက်များမှာ နိုင်ငံနှင့်ပြည်သူတစ်ရပ်လုံးအတွက် ဆုံးရှုံးနစ်နာမှုကြီးမားလှသည်။ အဆိုပါဖြစ်ရပ်များမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ တာဝန်များကို ဝင်ရောက်ထိန်းသိမ်းမှုမတိုင်မီ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီမှာပင် စတင်လာခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အာဏာရပါတီ NLD အနေဖြင့် ဤအခြေအနေများအထိ ဖြစ်မလာအောင် ရှောင်လွှဲ၍ရနိုင်ခဲ့သည့်တိုင် မရှောင်လွှဲခဲ့။

လူအများအပြားက ထောက်ခံမှုရရှိထားသည့် အာဏာရပါတီကြီး တစ်ခုအနေဖြင့် ထင်ရာစိုင်းလုပ်ဆောင်မှုများ အများအပြားရှိခဲ့သလို မီဒီယာအချို့၏ မေးခွန်းများကို ပြန်လည်ဖြေကြား မှုများ၌ပင် ၎င်းတို့ ချောက်ထဲကျပါက နိုင်ငံကိုပါ ဆွဲခေါ်သွားမည့်အရိပ်အယောင်တို့ ပြသနေခဲ့သည်။ သက်သေအထောက်အထားများရှိနေသည့် မဲမသမာမှုများကို ရှင်းရန် တောင်းဆိုသည့်အခါ ပြဿနာကိုရှင်းရန် မကြိုးစားတော့ဘဲ ကျော်လွှားသွားပြီး အာဏာယူရန် သို့မဟုတ် ထိပ်တိုက်တွေ့ရန် လမ်းကိုရွေးချယ်ခဲ့ရာမှဆန္ဒပြပွဲများ၊ အဓိကရုဏ်းများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများ ပြည်တွင်းဒေသအနှံ့ အပြားတွင် ပေါ်ပေါက်လာသည်။

ပြည်တွင်း၌ဖြစ်ပေါ်လာသည့် ဤအခြေအနေကို ဖြောင့်မတ်ခြင်းမရှိသော၊ သန္ဓေမမှန်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချို့ကအခွင့်ကောင်းအခါကောင်းအဖြစ် ရှုမြင်ကြပြီး ဟန်ဆောင်မျက်နှာဖုံးကို ခွာလိုက်ကြသည်။ မငြိမ်မသက်မှု၊ ဆူပူသောင်းကျန်းမှုများမှ ရသမျှအမြတ်ထုတ်ရန် ကြိုးပမ်းကြသည်။ နိုင်ငံတကာအသိသက်သေများ ရှေ့မှောက်တွင် ကမ္ဘာသိချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုပင် စက္ကူစုတ်လုပ် ပစ်လိုက်ကြသည်။ ခံယူချက်၊ သဘောထား၊ အကျိုးစီးပွားမတူညီသော်လည်း နိုင်ငံဖျက်ဆီးရေးတွင် တူညီကြသူအချင်းချင်း ယာယီပေါင်းစည်းကာ တိုက်ခိုက်ဖျက် ဆီးခဲ့ကြရာမှ မြို့ရွာများ၊ လမ်းတံတားများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်နေကြသည့် လမ်းမကြီးများ ပျက်စီးပိတ်ဆို့သွားခဲ့ရသည်။

ဆူပူသောင်းကျန်းမှုများ၏ဒဏ်ကို အဓိကခံရသူများမှာ ပြည်သူ များပင်ဖြစ်သည်။ တည်ငြိမ်အေး ချမ်းစဉ်အခါက ပြည်တွင်းဒေသများ တစ်နေရာနှင့်တစ်နေရာ နေ့ညချိန်ခါမရွေး လုံခြုံချောမွေ့စွာသွားလာနိုင်ခဲ့ကြသည်။ ပြည်သူများမိမိတို့၏ ပရိယေသနဝမ်းစာကို အေးချမ်းစွာ ရှာဖွေ စားသောက်နိုင်ခဲ့ကြသည်။ ကရင်ပြည်နယ်ဆိုလျှင် ထိုင်းနှင့်မြန်မာ ကုန်စည်ကူးသန်း ရောင်းဝယ်ရာ ဂိတ်တံခါးနှင့်လမ်းမကြီးတို့ တည်ရှိနေသလို ပြည်နယ်တွင်းသဘာဝအလှအပများ ပေါကြွယ်ဝမှုနှင့် လမ်းများကောင်းမွန်မှုတို့ကြောင့် ပြည်တွင်းပြည်ပတို့၌ ထင်ရှားသည်။

“ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် မဲမသမာမှုများကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က တာဝန်ယူပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့သည် အမှန်တရားကိုမျက်ကွယ်ပြု၍ အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ကြသည်မှာ ကရင်ပြည်နယ်အပါအဝင်ဖြစ်ပါသည်။ ထို့ကြောင့် ယခင်က တည်ငြိမ်အေးချမ်း မှုရှိခဲ့ပြီး တိုင်းရင်းသားပြည်သူများ အေးချမ်းလွတ်လပ်စွာ သွားလာနေထိုင်ခဲ့သည့် ကရင်ပြည်နယ်ဒေသ အချို့မှာ ယခုအခါတည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီး ပြည်သူများဆင်းရဲဒုက္ခခံစားနေရသည်မှာ ဝမ်းနည်းကြေကွဲ ဖွယ်ဖြစ်ပါသည်။ ထို့ကြောင့် အမှန်ကိုအမှန်အတိုင်း ရှုမြင်ပြီး ပြည်နယ် အေးချမ်းသာယာရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရန် အချိန်အခါဖြစ်ကြောင်း သက်ဆိုင်သူများအား အသိပေးပြောကြား လိုပါသည်။” ဟူ၍ နိုင်ငံတော် ယာယီသမ္မတထံမှ နှစ်(၇၀) ပြည့် ကရင် ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားရာလက်နက်ကိုင်အကြမ်းဖက် ဆူပူသောင်းကျန်းမှုများကြောင့် လတ်တလောတွင် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေသည့် ဒေသအားလုံး ဤနည်း နှင်နှင်ပင်ဖြစ်သည်ဟုနားလည်ကြရမည်ဖြစ်သည်။

လက်ရှိကာလတွင် မိမိတို့နိုင်ငံအတွက် အလိုအပ်ဆုံးမှာ တည်ငြိမ်အေးချမ်းမှုဖြစ်ပြီး ရေရှည်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံး ညီညွတ်မှုနှင့် ထာဝရငြိမ်းချမ်းမှုတို့ မဖြစ်မနေလိုအပ်သည်။ အဆိုပါ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သူ၊ ဖန်တီးပေးနိုင်သူများမှာ မိမိတို့နိုင်ငံသူနိုင်ငံသားများပင်ဖြစ်ရာ တည်ငြိမ်အေးချမ်းလိုသော၊ စည်းလုံး ညီညွတ်လိုသော၊ ထာဝရငြိမ်းချမ်းလိုသော စိတ်ထားနှလုံးသားများဖြင့်နိုင်ငံကို ဝိုင်းဝန်းတည်ဆောက် ကြရပါမည့်အကြောင်း။ ။