နေပြည်တော် နိုဝင်ဘာ ၇
အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများ ခင်ဗျာ
မိမိတို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီကို ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ခုနှစ်အရ ကျင်းပတဲ့ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ပါဝင်ဆင်နွှဲဖို့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ စတင်တည်ထောင်ခဲ့သူများကတော့ ဦးတင်ထွန်းမောင် (ရုပ်ရှင်မင်းသားဒွေးဖခင်) မင်္ဂလာဒုံမဲဆန္ဒနယ်၊ ဦးကြည်ဝင်း (မင်္ဂလာဒုံမဲဆန္ဒနယ်)၊ ဦးမြလှိုင် (တွံတေးမဲဆန္ဒနယ်)၊ ဦးလှစိုး (မင်းဘူးမဲဆန္ဒနယ်)၊ ဦးတင်ဝင်း (ကျိုက်လတ်မဲဆန္ဒနယ်)၊ ဦးသိန်းကြည် (တောင်တွင်းကြီးမဲဆန္ဒနယ်) နှင့် ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးအဖွဲ့အပါအဝင် နိုင်ငံရေးအင်အားစု (၉) စု ပူးပေါင်းဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။ ယခုအခါမှာ မိမိတို့အမျိုးသားနိုင်ငံရေးမဟာမိတ် များအဖွဲ့ချုပ်ပါတီ၏ဥက္ကဋ္ဌတာဝန်ကို ဦးသိန်းကြည်က ဆက်လက်ထမ်းဆောင်လျက်ရှိပါတယ်။
မိမိတို့ပါတီဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲများတွင် အစဉ်အဆက်ပါဝင်ခဲ့ခြင်းဖြင့် ရွေးကောက်ပွဲလမ်းစဉ်နှင့် ဒီမိုကရေစီစနစ်အပေါ် မသွေဖည်ဘဲ ဆတက်ထမ်းပိုး တိုးတက်အောင်မြင်ရန် ကျရာနေရာမှ တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့ပါတယ်။
ယခုကျင်းပမည့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်မည့်နေရာများကတော့ တိုက်ကြီးမြို့နယ်မှ ဦးကျော်ကျော်ဟန်၊ တောင်ဥက္ကလာပမြို့နယ်မှ ဦးဉာဏ်လင်းအောင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဦးအောင်မျိုးမင်းနှင့် တာမွေမြို့နယ်မှ ဦးသိန်းကြည်တို့က ပြည်သူ့လွှတ်တော် (၄) နေရာအား ကိုယ်စားပြုပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ရှင်သန်အောင်မြင်စေရန်အတွက် မိမိတို့ပါတီအနေနဲ့ ပါဝင်ဆင်နွှဲရခြင်း ဖြစ်ပါတယ်။
မိမိတို့ပါတီရဲ့ ဆောင်ပုဒ်(Motto) ကတော့
ငြိမ်းချမ်းရေးသည် ပထမ
ဒီမိုကရေစီရေးသည် အဓိက
ပြည်သူ့ဘဝတိုးတက်ပြောင်းလဲရေးသည် ပဓာနဖြစ်ပါတယ်။
ငြိမ်းချမ်းရေး မရှိရင် ဒီမိုကရေစီမရှိဘူး။
ဒီမိုကရေစီမရှိရင် ပြည်သူ့ဘဝလုံခြုံရေး၊ စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ ပျက်စီးခြင်းနှင့် ကြုံတွေ့ခံစားနေရသည်ကို ယခုတိုင်းပြည်ကြုံတွေ့နေရသော အခြေအနေများက သက်သေခံလျက် မြင်တွေ့နေရပါတယ်။
ဒါကြောင့် မိမိတို့ပါတီအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) တွင် သမ္မတကြီး ဦးသိန်းစိန်လက်ထက်ကစ၍ ယနေ့တည်ဆဲအစိုးရလက်ထက်တိုင်အောင် အစဉ်အဆက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
“လူသက်တမ်းက တိုပြီး သမိုင်းဖြစ်စဉ်က ရှည်လျားတယ်” ဆိုတဲ့ ဆိုရိုးတစ်ခု ရှိခဲ့ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ အစိုးရတစ်ရပ်၊ လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့စည်းတစ်ရပ်ကသာ ဆောင်ရွက်ရမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးရဲ့အနှစ်သာရတန်ဖိုးကို သိရှိဖော်ဆောင်နိုင်ရန် (Generation By Generation) မျိုးဆက်တစ်ဆက်မှ မျိုးဆက်တစ်ဆက်သို့ ကောင်းမွန်တဲ့ အစဉ်အလာအမွေများ ချန်ထားခဲ့ရမှာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတစ်ခုတွင် တည်ဆောက်ရေးအင်အား (Constructive Element) နှင့် အဖျက်အင်အား (Destructive Element) ဆိုပြီး အင်အားစု နှစ်စုခွဲခြားနိုင်ပါတယ်။
ယခုအချိန်မှာ မိမိတို့နိုင်ငံ ကြုံတွေ့ခံစားနေရသော လက်နက်ကိုင်ပဋိပက္ခများ၊ အရှေ့အနောက် ကျူးကျော်မှုများ၊ အကြမ်းဖက်မှုများဟာ အဖျက်အင်အားစုများက အားကောင်းနေသယောင် ဖြစ်နေပါတယ်။ အကြမ်းဖက်ဝါဒက မိမိတို့ရဲ့ရန်သူတင်မကဘဲ ကမ္ဘာကြီးရဲ့ ဘုံရန်သူ ဖြစ်ပါတယ်။
နိုင်ငံတိုင်းမှာ နိုင်ငံတော်ကို မဖြိုဖျက်အောင် ထိန်းသိမ်းခဲ့ရတဲ့ သမိုင်းအစဉ်အလာအဖွဲ့အစည်းများ ရှိကြပါတယ်။ ဥပမာ - တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံမှာ ပါလီမန်စနစ်ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ တိုင်းပြည်မပြိုကွဲအောင် ထိန်းသိမ်းခဲ့ရတာ တစ်ခု တည်းသော (institution) ဖြစ်တဲ့ သမိုင်းဆိုင်ရာအဖွဲ့အစည်းကတော့ မြန်မာ့တပ်မတော်ပဲဖြစ်ပါတယ်။
မိမိတို့ နိုင်ငံရဲ့ နိုင်ငံရေးအရှိတရားကို နားလည်လက်ခံပြီး တပ်မတော်နှင့် လက်တွဲပြီး နိုင်ငံရဲ့ တည်ဆောက်ရေးအင်အားစုများက အရပ်ဘက် စစ်ဘက်မခွဲခြားဘဲ နိုင်ငံတည်ဆောက်ရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။
တည်ဆောက်ရေး အင်အားစုများက အားကောင်းမောင်းသန်မဖြစ်ပါက အဖျက်အင်အားစုများက တစ်ကျော့ပြန်ခေါင်းထောင်လာပြီး အဆိုးကြော့သံသရာကို နိုင်ငံတော်အနေဖြင့် ခံစားရမှာဖြစ်တယ်ဆိုတာ ပြည်သူလူထုတစ်ရပ်လုံးက သတိချပ်ဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် ရွေးကောက်ပွဲလမ်းကြောင်းကို ပြည်သူလူထုကြီးတစ်ရပ်လုံးက ပါဝင် လျှောက်လမ်းဖို့ လိုအပ်လှပါတယ်။
မဲဆန္ဒရှင် ပြည်သူများ ခင်ဗျာ
အများသိတဲ့အတိုင်း ဒီမိုကရေစီဆိုတဲ့ စကားလုံးက ဂရိစကားမှ ဆင်းသက်လာပြီး ပြည်သူ့ အုပ်ချုပ်ရေးလို့ အဓိပ္ပာယ်ရပါတယ်။ ပြည်သူလူထုရဲ့ (Political Right) နိုင်ငံရေးဆိုင်ရာ အခွင့်အရေးကတော့ မိမိတို့အုပ်ချုပ်မယ့်သူတွေကို မဲပေးရွေးချယ်ခွင့်နှင့် မိမိတို့ကိုယ်တိုင် ရွေးကောက်ပွဲဝင်ခွင့်တို့ ဖြစ်ပါတယ်။ ဤအခြေခံအခွင့်အရေးများကို မဆုံးရှုံးစေဖို့ ရွေးကောက်ပွဲများ အစဉ်အမြဲရှိနေဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ပြည်သူလူထုရဲ့အတွေးအခေါ်၊ အယူအဆများကို တူရာစုဖွဲ့ပြီး ဖော်ထုတ်နိုင်ဖို့ နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍက အရေးကြီးလှပါတယ်။ နိုင်ငံရေးပါတီများမရှိရင် ရွေးကောက်ပွဲများ မရှိနိုင်ဘဲ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ (Electoral Democracy) ရွေးကောက်ပွဲကပေးတဲ့ ဒီမိုကရေစီပင်လျှင် ပြည်သူလူထု ကြုံတွေ့ကြရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှတစ်ဆင့် တက်လာတဲ့ ပြည်သူ့အာဏာအပ်နှင်းခြင်းခံရတဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာပြီး ပြည်သူလူထုပါဝင်တဲ့၊ အားကောင်းတဲ့ ပြည်ထောင်စုအစိုးရ အားကောင်းမှသာလျှင် တိုင်းရင်းသားပြည်သူများ လိုချင်တဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ အာဏာခွဲဝေရေး၊ အခွန်ဘဏ္ဍာခွဲဝေရေး၊ သယံဇာတခွဲဝေရေး စတဲ့ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ခွဲဝေနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ပါတီစုံဒီမိုကရေစီစနစ်အားကောင်းအောင် ပြည်သူတစ်ရပ်လုံးက ပါဝင်ပြီး ဆောင်ရွက်ရမှသာလျှင် ရွေးကောက်ပွဲများ အစဉ်အတည်ရှိနေပြီး ဒီမိုကရေစီအခွင့်အရေးများလည်း ရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရခိုင်မာတောင့်တင်းဖို့အတွက် ပြည်သူလူထုသည် (qualified citizens) အရည်အသွေးရှိသော နိုင်ငံသားကောင်းဖြစ်ဖို့ လိုအပ်ပါတယ်။ အပြန်အလှန်အားဖြင့် အရည်အသွေးရှိသော နိုင်ငံသားနှင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအစိုးရ အားကောင်းမှသာလျှင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများ ခင်ဗျာ
အထက်ပါတင်ပြခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးသာ ရှင်သန်ခိုင်မာခဲ့မည်ဆိုလျှင် လူမှုလူ့ဘဝဆိုတာ လူပီသစွာနေနိုင်တဲ့အပြင် ယခုထက်သာလွန်ကောင်းမွန်သော အခြေအနေကောင်းများ ဖြစ်လာဖို့အတွက်
(၁) ပညာရေး
(၂) ကျန်းမာရေး
(၃) လူမှုရေး
(၄) စီးပွားရေးစတဲ့ အခန်းကဏ္ဍများ ပိုမို၍ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ယုံကြည်မိပါကြောင်း တင်ပြလိုပါတယ်။ သို့ဖြစ်ပါ၍ လူမှုဘဝတိုးတက်စေရန် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး ရရှိစေရန် အရေးကြီးဆုံး အချက်တစ်ခုမှာ (Rule of the Law) တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးဖို့ ဆိုသည်မှာ (Arms of the Law) ဥပဒေ၏ လက်တံများ ဖြစ်သည့် ရဲတပ်ဖွဲ့များ၊ တရားရေးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန် လိုအပ်ပါတယ်။
ဒါကြောင့် နိုင်ငံသားများကို ငယ်စဉ်ကတည်းက ပညာသင်ရာတွင် နိုင်ငံချစ်စိတ်၊ ဘာသာသာသနာကို မြတ်နိုးစိတ်၊ ဥပဒေကို လေးစားလိုက်နာ စိတ်များ၊ ပြည်သူ့နီတိများ အစရှိသဖြင့် သင်ကြားပေးရန် လိုအပ်လှပါတယ်။
ကျန်းမာရေးအခန်းကဏ္ဍနှင့်ပတ်သက်လျှင်လည်း နိုင်ငံသားများကို အမှန်တကယ် ထိရောက်စွာ စောင့်ရှောက်ပေးနိုင်ရန် ဂရုပြုဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ရဲ့ အမျိုးသားဝင်ငွေအရ နိုင်ငံအလိုက် ကျန်းမာရေး အသုံးစရိတ်များဟာ အနည်းအများ မတူကွဲပြားနိုင်ပါတယ်။ သို့သော် အစိုးရတစ်ရပ်က နိုင်ငံသားများရဲ့ ကျန်းမာအသက်ရှည်ဖို့ ဥပဒေအကြောင်းအရ ကာကွယ်နိုင်တဲ့အရာများလည်းရှိပါတယ်။ ဥပမာဆိုရင် အစားအစာနဲ့ ဆေးဝါးများကိစ္စမျိုးပဲ ဖြစ်ပါတယ်။ မိမိတို့ နိုင်ငံသားများကိုချစ်ရင် နိုင်ငံတော်ကိုချစ်ရင် ကိုယ့်လူမျိုးတွေ နေ့စဉ်စားသောက်နေတဲ့ အစားအစာများနှင့် သောက်သုံးနေတဲ့ ဆေးဝါးများကို ကြပ်မတ်စစ်ဆေးဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သံဃာတော်များ၊ သက်ကြီးရွယ်အိုများ စသည့်မိမိလူမျိုးများဟာ အစာအဆိပ်ရှိသော၊ ရေရှည်လက်ဝါးကြီးအုပ်ထားတဲ့ ဆေးဈေးကွက်ကို တားဆီးရန် လိုအပ်ပါတယ်။ သို့မှသာ ကိုယ့်လူမျိုးကို အမှန်တကယ်ချစ်ရာ ရောက်ပါလိမ့်မယ်။ တစ်ဖက်ကလည်း နိုင်ငံရပ်ခြားမှာ ဆေးကုသွားရတဲ့ စရိတ်ငွေ လျော့ကျလာပြီး နိုင်ငံတွင်း ဆေးလောက၊ ဆေးဝါးသုတေသနလောကကို ပိုမိုအားပေးနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်မူဝါဒများကိုတော့ မိမိတို့ပါတီ (သို့မဟုတ်) လွှတ်တော်ထဲရောက်သည့် ပါတီဝင်များ ဆက်လက်အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။
လူမှုရေးနဲ့ ပတ်သက်ရင်လည်း ပထမမြန်မာနိုင်ငံတော် တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းမြတ်မှစ၍ ဗုဒ္ဓသာသနာ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါတယ်။ မိမိတို့ရဲ့ လူ့အဖွဲ့အစည်းကို အဲဒီယဉ်ကျေးမှုအစဉ်အလာတရားနဲ့ပဲ စုစည်းထားခြင်းဖြစ်ပါတယ်။ ဤအစဉ်အလာတရားတွေကို ဖြိုဖျက်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရမည်ဟု ပြောဆိုဆောင်ရွက်ခြင်းဟာ မုသားသက်သက်သာဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းကို မသိမသာဆိုးရွားစွာ ဖျက်ဆီးဖြိုဖျက်ခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ- ၂၀၁၅-၂၀၂၀ အတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်များကိုကြည့်ပြီး သင်ခန်းစာ ထုတ်ယူနိုင်ပါတယ်။ ဒါကြောင့် နောက်တက်လာမယ့် အစိုးရများ အနေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို စုစည်းထားတဲ့ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုများကို စည်ပင်တိုးတက်အောင် လုပ်ဆောင်ရင်း တစ်ဖက်မှာလည်း ဒီမိုကရေစီစနစ်ကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဖော်ဆောင်ဖို့ ကြိုးပမ်းသင့်ပါတယ်လို့ မိမိတို့ပါတီအနေနဲ့ ယုံကြည်ပါတယ်။
တိုင်းပြည်စီးပွားရေးနဲ့ပတ်သက်လျှင်လည်း ကမ္ဘာကြီးမှာ စိုက်ပျိုးရေးလှိုင်း၊ စက်မှုလှိုင်း၊ နည်းပညာလှိုင်းစသည်ဖြင့် ရှိပါတယ်။ သို့သော် မိမိတို့ နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေခံတဲ့ လူမှုအဖွဲ့အစည်းအနေနဲ့ ရှိနေပြီးသားပါ။ ဒါကြောင့် စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လက်တွေ့ကျကျဆောင်ရွက်ဖို့လိုအပ်ပါတယ်။ စက်မှုထူထောင်ရေးနဲ့ နည်းပညာနဲ့ပတ်သက်လာလျှင်တော့ အရေးကြီးဆုံးအချက်မှာ လျှပ်စစ်မီးကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လျှပ်စစ်မရှိလျှင် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုကို အိပ်မက်ပင် မက်ရနိုင်မှာ မဟုတ်ပါဘူး။ မြစ်ဆုံလား၊ နျူကလီးယားလား စသည့်နည်းလမ်းများကို နောင်အစိုးရအနေဖြင့် တိုင်းပြည်မျက်နှာကို ထောက်ထားပြီး ဆုံးဖြတ်ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများ ခင်ဗျာ
နိုင်ငံတစ်ခုဟာ ကမ္ဘာအလယ်မှာ တစ်နိုင်ငံတည်း အထီးကျန်စွာ တံခါးပိတ်ပြီး နေလို့မရပါဘူး။ ဒါကြောင့် နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံနေရပါတယ်။ ပကတိအရှိတရားပါ။ အထူးသဖြင့် မိမိတို့နိုင်ငံဟာ အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနှင့် တရုတ်အကြားမှာ မဟာဗျူဟာ မြောက်တည်ရှိပြီး အိန္ဒိယသမုဒ္ဒရာရဲ့ ထွက်ပေါက်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိဖို့ဆိုရင် အရှေ့အနောက်အားပြိုင်မှုများနှင့် အိမ်နီးချင်းအင်အားကြီးနိုင်ငံများနဲ့ (Balance of power) အင်အားချိန်ခွင်ညှာညှိပြီး မိမိတို့ရဲ့ လွတ်လပ်၍ တက်ကြွသော ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကိုင်စွဲကာ ပါးပါးနပ်နပ် ကစားနိုင်ဖို့ လိုအပ်ပါတယ်လို့ မြင်ပါတယ်။
အဓိကနဲ့ နောက်ဆုံးအချက်ကတော့ မိမိတို့နိုင်ငံရဲ့ ရှေ့ကအုပ်ချုပ်ခဲ့သော အစိုးရများက ချမှတ်ခဲ့တဲ့ မူဝါဒ၊ လမ်းစဉ်များကို နောက်တက်လာတဲ့ အစိုးရများအနေဖြင့် အားလုံးကိုဖျက် သုညကပြန်စတဲ့လုပ်ရပ်မျိုးမလုပ်ဘဲ ကောင်းမွန်တဲ့ မူဝါဒ၊ လမ်းစဉ်၊ စီမံကိန်းစသည်တို့ကို ဆက်လက်ထိန်းသိမ်း အကောင်အထည်ဖော်တဲ့ (Political Culture) နိုင်ငံရေးယဉ်ကျေးမှု တစ်ရပ်ပျိုးထောင်ဖို့ လိုအပ်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများ ကျန်းမာချမ်းသာကြပါစေ။
“နိုင်ငံတော်ကြီးလည်း ပန်းတိုင်ရောက် နိုင်ငံသားများလည်း ပန်းတိုင်ရောက်နိုင်ကြပါစေ”
