Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြု

နေပြည်တော် နိုဝင်ဘာ ၇

၂၀၂၅ ခုနှစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားစာကြည့်တိုက် ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် သုံးကြိမ်တိုင်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် မာရဝိဇယတန်ဆောင် တိုင်ပွဲတော်ကြီးကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့)အထိ ၃ ရက်တိုင်တိုင် အခမ်းအနားကြီး ၁၀ ခုဖြင့် ကျင်းပခဲ့ပါကြောင်း၊ ယင်းအခမ်းအနားကြီးများမှာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ ဆီမီးကပ်လှူပူဇော်ပွဲ၊ LED မီးများဖြင့် အလှဆင်ပူဇော်ပွဲ၊ ဝတ်အသင်းများဖြင့် ရွတ်ဖတ်ပူဇော်ပွဲ၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ၊ မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် အများပြည်သူ ဖျော်ဖြေပွဲစသည့် ပွဲတော်များပါဝင်ပါကြောင်း။

အဆိုပါပွဲများကို သက်ဆိုင်ရာဦးစီးဌာနများနှင့် တက္ကသိုလ်တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ကြီးကြပ်မှုဖြင့် အရာထမ်း၊ အမှုထမ်းများ၏ ကိုယ်ရောစိတ်ပါ ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို လာရောက်လည်ပတ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr.Andrey Aleksandrovich Travnikov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်ကိုလည်း အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ယခုကဲ့သို့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဆောင်ရွက်ခဲ့၍ အောင်မြင်ခဲ့ခြင်းမဟုတ်ပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင်ရှိသည့် အရာထမ်း အမှုထမ်းအားလုံး ကဏ္ဍအလိုက်ကျရာနေရာတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပူးပေါင်းညှိနှိုင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်သည်ကို ပြည်ထောင်စုဝန်ကြီးအနေဖြင့် ချီးကျူးဂုဏ်ပြု၍ အသိအမှတ် လည်းပြုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၅ ခုနှစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီးဌာနများနှင့် တက္ကသိုလ်တို့ရှိ အရာထမ်း၊ အမှုထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူကာ ဝန်ထမ်းများကို ဂုဏ်ပြုနေ့လယ်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်